Trending Now

၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် ကချင်တိုက်ပွဲရှောင်ဦးရေ နှစ်သောင်းကျော်ရှိ

Spread the love

၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် ကချင်တိုက်ပွဲရှောင်ဦးရေ နှစ်သောင်းကျော်ရှိ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၀

၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် ကချင်တိုက်ပွဲရှောင် ပြည်သူ (၂၀၀၀၀) ကျော်ရှိကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းပေါင်း (၈၀) ကျော်တွင် တိုက်ပွဲရှောင် လူဦးရေ (၄၀၀၀၀) ကျော် မှီတင်းနေထိုင်လျက်ရှိပြီးယင်းအနက် လက်ရှိပြုစုထားသည့် စာရင်းများအရ လာမည့်၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် တိုက်ပွဲရှောင် (၂၃၀၀၀)ခန့်ရှိကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ခိုင်ကဆိုသည်။

“တိုက်ပွဲရှောင် စခန်းတွေမှာနေတဲ့ မဲဆန္ဒရှင်တွေရဲ့ လူဦးရေ အားလုံးကို စာရင်းတွေကောက်တယ်။ ​ေကာက်တဲ့ထဲမှာ မဲပေးဖို့သတ်မှတ်တဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့သူတွေကို မဲစာရင်းထဲထည့်ပြီးမှ တစ်ခါတည်းကူးပြောင်း ပေးထားတယ်။ မဲပေးနိုင်တဲ့တိုက်ပွဲရှောင်ဦးရေက နှစ်သောင်းသုံးထောင်နှစ်သောင်း လေးထောင် ဒီပတ်ချာလည်မှာရှိတယ်” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။

ယင်းတိုက်ပွဲရှောင် ပြည်သူများ အနေဖြင့် မဲပေးရာတွင် ၎င်းတို့နှင့် နီးစပ်ရာ ရပ်ကွက်မဲရုံများတွင် သွားရောက်မဲပေးနိုင်မည်ဖြစ်ပြီးနေရပ်ပြန်သွားသည့် တိုက်ပွဲရှောင်ပြည်သူများအနေဖြင့်လည်း ၎င်းတို့နေရပ်တွင် မဲ ပေးနိုင်အောင် စီစဉ်ထားကြောင်း ဦးထွန်းအောင်ခိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

“တိုက်ပွဲရှောင် ပြည်သူတွေက သူတို့နဲ့ဆိုင်တဲ့ရပ်ကွက် ကျေးရွာက မဲရုံတွေမှာ မဲပေးလို့ရမယ်။ တကယ်လို့ သူတို့စစ်ရှောင်တဲ့နေရာကသူတို့အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့နေရပ်ရင်းကို ပြန်ခွင့်ရလို့ သူတို့သဘောဆန္ဒအရ ပြန်သွားကြမယ်ဆိုရင် သူတို့အခုလက်ရှိနေထိုင်နေတဲ့ စခန်းမှာ သူတို့ရဲ့မဲ စာရင်းကို ပယ်ဖျက်လိုက်မယ်။ သူတို့နေရပ်ရင်းမှာ ပြန်သွားလို့ အဲ့ဒီမှာမဲထည့်ဖို့တောင်းဆိုလာမယ်ဆိုရင် ကျွန်တော်တို့မဲစာရင်းထဲမှာပြန်ထည့်ပေးမယ်”ဟုဦးထွန်းအောင်ခိုင်ကပြောသည်။

အချို့တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် မဲပေးရာတွင် မိမိနေရပ်ဒေသမိမိနေရပ်ကိုကိုယ်စားပြု၍ ပေးချင်သော်လည်းနေရပ်မရှိတော့သည့်အတွက် မိမိရောက်ရာနေရပ်တွင်သာပေးမည် ဖြစ်ကြောင်း ဇီးအွန်တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးလမိုင်က ယခုကဲ့သို့ပြောသည်။

“ကျွန်တော်တို့ ၂၀၁၅တုန်းကလည်းဒီမှာပဲပေးတယ်။ ဟိုဘက် ကိုယ့်ရွာကိုယ့်နေရပ်မှာပေးချင်ပေမယ့် ဟိုမှာက ရွာမှမရှိတော့တာ။အားလုံးက ဒီမှာပဲပေးကြမယ်”ဟု ဦးလမိုင်က ​ဆိုသည်။

ထို့ပြင် တိုက်ပွဲရှောင်စခန်းများတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများဆောင်ရွက်သွားရန်လည်း အရပ်ဘက်လူမှု့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်နေပြီး ကိုဗစ်ကာလ ဖြစ်သောကြောင့် အသေးစိတ်မသိရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့အရင်းအမြစ်ဝန်ကြီးဌာနအနေဖြင့်လည်း၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အခွင့်အရေးဆုံးရှုံးမှု မရှိစေရေးအတွက်စီမံချက်တစ်ရပ် ရေးဆွဲကာ ကချင်တစ်ပြည်နယ်လုံးရှိ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့်အိမ်ထောင်စုမရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုပြုလုပ်ပေးသည့် စီမံချက်တစ်ရပ်ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၀ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဇူလိုင်လ တစ်ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။
၂၀၁၅ရွေးကောက်ပွဲတွင် ကချင်တစ်ပြည်နယ်လုံး၌ မဲရုံပေါင်း(၈၁၃)ရုံရှိခဲ့ပြီး ယခုနှစ်၂၀၂၀ရွေးကောက် ပွဲ၌ မဲရုံ ၇၉ရုံ ထပ်တိုးထားပြီး စုစုပေါင်း ၈၈၉ရုံ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။