Trending Now

တရုတ်နိုင်ငံက နိုင်ငံခြားဖုန်းအမှတ်တံဆိပ်တွေ ဝယ်ယူသုံးစွဲခွင့်ကို ပိတ်ပင်ထားခြင်းမရှိဘူးလို့ဆို

Spread the love

တရုတ်နိုင်ငံက နိုင်ငံခြားဖုန်းအမှတ်တံဆိပ်တွေ ဝယ်ယူသုံးစွဲခွင့်ကို ပိတ်ပင်ထားခြင်းမရှိဘူးလို့ဆို

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

တရုတ်နိုင်ငံမှာ နိုင်ငံခြား ဖုန်းအမှတ်တံဆိပ်တွေကို ဝယ်ယူသုံးစွဲခွင့်ကို တားမြစ်ချက်ထုတ်ပြန်ထားခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်နေ့က ပြောပါတယ်။

တရုတ်နိုင်ငံမှာ အစိုးရပိုင်လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေမှာ Apple ရဲ့ iPhone တွေကို အသုံးပြုခွင့်ပိတ်ပင်ထားတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီးနောက် အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

“Apple လို နိုင်ငံခြားအမှတ်တံဆိပ်ဖုန်းတွေကို ဝယ်ယူသုံးစွဲခွင့်ကို ပိတ်ပင်တားမြစ်တဲ့ ဥပဒေ၊ စည်းကမ်းတွေ တရုတ်နိုင်ငံဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့် မကြာသေးခင်က Apple ရဲ့ ဖုန်းတွေနဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ အဖြစ်အပျက်တွေကို မီဒီယာတော်တော်များများက သတိထားမိခဲ့ပါတယ်။ တရုတ်အစိုးရဟာ သတင်းအချက်အလက်နဲ့ ဆိုက်ဘာလုံခြုံရေးအတွက် အလွန်အရေးပါပြီး ပြည်တွင်းရော ပြည်ပကုမ္ပဏီတွေကိုပါ တန်းတူဆက်ဆံပါတယ်” လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မကြာသေးမီက တရုတ်နိုင်ငံဟာ နိုင်ငံ့ဝန်ထမ်းတွေကို iPhone အသုံးပြုမှုဆိုင်ရာ တားမြစ်ချက်ကို ထုတ်ပြန်ခဲ့ပြီး အစိုးရပိုင်လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေအထိ Apple မိုဘိုင်းလ်ဖုန်းတွေ အသုံးမပြုဖို့ တားမြစ်ချက်ကို ချဲ့ထွင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

အဆိုပါတားမြစ်ချက်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ကြား တင်မာမှုတွေ မြင့်တက်နေချိန်နဲ့ တိုက်ဆိုင်နေပြီး ကုန်ထုတ်လုပ်မှုအတွက် တရုတ်နိုင်ငံအပေါ် ကြီးကြီးမားမား မှီခိုနေရတဲ့ Apple အတွက် စိန်ခေါ်မှုတွေ တိုးလာနေကြောင်း အချက်ပြနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက မိုဘိုင်းလ်ဖုန်းကုမ္ပဏီတွေ အားလုံးကို ဥပဒေနဲ့ စည်းမျည်းတွေကို တင်းတင်ကျပ်ကျပ်လိုက်နာဖို့နဲ့ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာတွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း မော်နင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

နည်းပညာဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်တို့အတွက် အဓိက အမျိုးသားလုံခြုံရေးပြဿနာဖြစ်လာတဲ့အတွက် တရုတ်အစိုးရဟာ ပြည်တွင်းလုပ်နည်းပညာသုံး ထုတ်ကုန်တွေကို ပိုမိုအားရုံစိုက်လာခဲ့တာဖြစ်ပါတယ်။

ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။