Trending Now

ပါမောက္ခဟောင်းရဲ့ ၁ ဘီလီယံအလှူငွေကြောင့် ကျောင်းလခအခမဲ့တက်ခွင့်ရမယ့် ဆေးကျောင်းသားများ

Spread the love

ပါမောက္ခဟောင်းရဲ့ ၁ ဘီလီယံအလှူငွေကြောင့် ကျောင်းလခအခမဲ့တက်ခွင့်ရမယ့် ဆေးကျောင်းသားများ

EPN
နိုင်ငံတကာ၊ မတ် ၁၁

ပါမောက္ခဟောင်းတစ်ဦးက အမေရိကန်ဒေါ်လာ ၁ ဘီလျံ လှူဒါန်းပေးခဲ့တာကြောင့် နယူးယော့ခ်မြို့ အဲလ်ဘတ်အိုင်းစတိုင်း ဆေးပညာကောလိပ်က ကျောင်းသား/သူတွေဟာ သင်တန်းကြေးအခမဲ့ တက်ခွင့်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၉၃ နှစ်ရှိတဲ့ ဒေါက်တာရုသ်ဂေါ့တက်စမန်ဟာ အဲလ်ဘတ်အိုင်းစတိုင်း ဆေးပညာကောလိပ်ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ၅၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကွယ်လွန်သူခင်ပွန်းအတွက် ရည်စူကာ လှူဒါန်းခဲ့တာလို့ သိရပါတယ်။

“ကျွန်မရဲ့ကွယ်လွန်သူခင်ပွန်းက ဒီငွေတွေကို ကျွန်မနဲ့ချန်ရစ်ထားခဲ့လို့ အရမ်းကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီလက်ဆောင်ကို ထိုက်တန်တဲ့အကြောင်းပြချက်တစ်ခုနဲ့ အခုလိုပြန်ပေးခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။” လို့ ဒေါက်တာရုသ်ဂေါ့တက်စမန်က ပြောပါတယ်။

ဒေါက်တာရုသ်ဂေါ့တက်စမန်က သူမရဲ့လှူဒါန်းမှုကို ဆေးပညာကောလိပ်မှာ သွားရောက်ကြေညာပြီးနောက် အံ့အားသင့်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ဆရာမတွေက လက်ခုတ်တီးကာ အော်ဟစ်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲလ်ဘတ်အိုင်းစတိုင်း ဆေးပညာကောလိပ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေရဲ့ကျောင်းလခဟာ တစ်နှစ်ကို ဒေါ်လာ ၆,၃၀၀၀ ကျော်ရှိပြီး ဘွဲ့ရပြီးချိန်မှာ ပျမ်းမျှ ၂၀၂,၄၅၃ ဒေါ်လာ အကြွေးတင်ကာ နှစ်ပေါင်းများစွာ အကြွေးဆပ်နေကြရတယ်လို့ သိရပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဆေးကျောင်းတစ်ခုအတွက် အလှူငွေအများဆုံးရရှိမှုဖြစ်ပြီး သူမရဲ့ လှူဒါန်းမှုကြောင့် ကျောင်းသားတွေဟာ တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘဲ ဘွဲ့ရရှိမှာဖြစ်သလို အလှူငွေကို ဘဏ်တိုးနဲ့ထားမှာဖြစ်တဲ့အတွက် ထာဝရတည်ရှိနေမယ်လို့ ကြေညာခဲ့ပါတယ်။

ဂေါ့တက်စမန် ဇနီးမောင်နှံဟာ ယခင်ကတည်းက ကျန်းမာရေးစော်င့ရှောက်မှုဆိုင်ရာ ပရဟိတအလုပ်တွေ လုပ်ခဲ့ကြသူတွေဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တုန်းကလည်း အဲလ်ဘတ်အိုင်းစတိုင်းဆေးပညာကောလိပ်ကို အမေရိကန်ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့တဲ့အတွက် ပင်မဆဲလ်သုတေသနနှင့် ဆေးဝါးသိပ္ပံဌာန ထူထောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ref; Globalnews/NYP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။