Trending Now

မြစ်ကြီးနားမြို့တွင် ယာဉ်တိုက်မှုများမကြာခဏ ဖြစ်ပွားနေသည့်အတွက် ယာဥ်စည်းကမ်း ကြပ်မတ်ပေးရန် လိုအပ်ဟုဆို

Spread the love

မြစ်ကြီးနားမြို့တွင် ယာဉ်တိုက်မှုများမကြာခဏ ဖြစ်ပွားနေသည့်အတွက် ယာဥ်စည်းကမ်း ကြပ်မတ်ပေးရန် လိုအပ်ဟုဆို

EPN
မြစ်ကြီးနား၊ ဇွန် ၁၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းကြသည့်အတွက် မြို့အတွင်း ယာဉ် တိုက်မှုမကြာခဏဖြစ်ပွားလျက်ရှိရာ ယာဥ်စည်းကမ်းကြပ်မတ်ပေးရန် လိုအပ်နေကြောင်း မြို့ပေါ်နေပြည်သူများထံမှ သိရသည်။

မြို့ပေါ်တွင် ယာဉ်များမောင်းနှင်ကြသူများမှာ မီးပွိုင့်များကို အချက်ပြချိန်ထိ စောင့်ဆိုင်းမှု မရှိခြင်း၊ အရက်များသောက်သုံးကာ ယာဉ်မောင်းခြင်း၊ ယာဉ်တွင်ပါရှိသည့် အချက်ပြမီးများကို အသုံးပြုမှု မရှိခြင်း၊ ယာဉ်နောက်ကပ်လိုက်ခြင်း၊ ရှေ့ယာဉ်အား အချက်မပြပဲဖြတ်ကျော်ခြင်း စသဖြင့် ယာဉ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားရခြင်းဖြစ်ကြောင်း မြို့ပေါ်နေ မော်တော်ယာဥ် မောင်းနှင်သူ တစ်ဦးက ပြောသည်။

“ အဓိကတော့ ယာဉ်စည်းကမ်းအတိုင်းမမောင်းကြတာပေါ့။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုသာ လိုက်နာရင် ယာဉ်တိုက်မှုဆိုတာ မရှိသလောက်ပဲဖြစ်မှာ။ အခုကရက်ဆက်ကို ယာဉ်တိုက်မှုတွေဖြစ်နေတာ တွေ့ရတယ်။ ခက်တာက မြစ်ကြီးနားမှာ လမ်းစည်းကမ်း နားမလည်ပဲ ကားမောင်းတတ်ရုံ၊ ဆိုင်ကယ်မောင်းတတ်ရုံနဲ့ တန်းမောင်းကြတော့ တိုက်ကြတာပေါ့။ တစ်ချို့က အရက်မူးပြီး မောင်းကြတာလည်းပါတယ်။ အဲ့တာကြောင့် ကားသမားတွေကလည်း ကားရဲ့စည်းကမ်းချက်အတိုင်း မောင်းမယ်။ ဆိုင်ကယ်သမားတွေကလည်း သူတို့စည်း ကမ်းချက်အတိုင်းမောင်းမယ်။လမ်းအသုံးပြုသူတွေကလည်း စည်းကမ်းလိုက်နာတာမျိုးတွေ လုပ်ဆောင်မယ်ဆိုရင် ယာဉ်တိုက်မှုဆိုတာ အခုလိုတွေဖြစ်လာစရာမရှိပါဘူး၊ ” ဟု ၎င်းကဆိုသည်။

၎င်းအပြင် မြစ်ကြီးနားမြို့တွင် ယာဉ်ထိန်းရဲများ နည်းပါးခြင်း၊ မီးပွိုင့်များ အချိန်ပြည့် ပြသမှုမရှိခြင်း၊ ယာဉ်မောင်းသူများ စည်းကမ်းမဲ့စွာမောင်းနှင်ခြင်းတို့ကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
“ မြစ်ကြီးနားမြို့မှာရှိတဲ့ မီးပွိုင့်အချက်ပြမီးတွေကလည်း အချိန်ပြည့် မီးပြပေးတာမျိုးမရှိတော့ မောင်းတဲ့သူတွေကလည်း သူတို့မောင်းချင်သလို အချိန်မပြည့်သေးပဲ မောင်းထွက်သွားတာမျိုးတွေ၊ ပြီးတော့ ကျောင်းရှေ့တွေ၊ လမ်းဆုံတွေမှာ ယာဉ်ထိန်းရဲတွေကလည်း နည်းပါးတော့ ဖြစ်သလိုမောင်းပြီး တိုက်ကြတာပေါ့ ” ဟု ၎င်းကဆိုသည်။

မြစ်ကြီးနားမြို့တွင် ယာဥ်တိုက်မှုများအဖြစ် ဇွန်လ ၁၁ ရက်နေ့ စီတာပူရပ်ကွက်ရှိ ဇေယျာမင်း ဆီဆိုင်ရှေ့တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုကြောင့် ဆိုင်ကယ်သမား ခြေတောက်ကျိးခြင်း၊ ဇွန်လ ၁၂ ရက်နေ့ ခေမာသီရိရပ်ကွက် တိုင်းကျော်ဆီဆိုင်ရှေ့တွင် သုံးဘီးနှင့်ဆိုင်ကယ်တိုက်ပြီး ဆိုင်ကယ်သမား ခြေတောက်ထိခိုက်၊ လက်ကောက်ဝတ်ကျိုးခြင်း၊ ဇွန်လ ၁၄ ရက်နေ့ တပ်ကုန်း စံပြနှစ်ခြင်းဘုရားကျောင်း အဝင်လမ်းခွဲတွင် ကားမှ ဆိုင်ကယ်သမားအား ဝင်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်သမား နဖူးကွဲဒဏ်ရာရရှိခဲ့ခြင်းနှင့် အထ.က. (၂) ကျောင်းရှေ့တွင် ရပ်ထားသည့်ကားကို ဘက်ထရီဆိုင်ကယ်ဖြင့် ဝင်တိုက်ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း စသည့်ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။