Trending Now

ကိုင်ရို အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ တိုးတက်မှု မရှိဘူးလို့ ဟားမတ်စ် အရာရှိပြော

Spread the love

ကိုင်ရို အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ တိုးတက်မှု မရှိဘူးလို့ ဟားမတ်စ် အရာရှိပြော

EPN
နိုင်ငံတကာ၊ ဧပြီ ၉

အစ္စရေး၊ ကာတာနဲ့ အမေရိကန်တို့က ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ကိုင်ရိုမြို့မှာ ကျင်းပပြုလုပ်နေတဲ့ ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဟာ တိုးတက်မှုမရှိခဲ့ဘူးလို့ ဟားမတ်စ်အရာရှိတစ်ဦးက တနင်္လာနေ့က ရိုက်တာသတင်းကို ပြောပါတယ်။

“အစ္စရေးဘက်က သိမ်းပိုက်ထားတဲ့အနေအထားကို အပြောင်းအလဲမရှိတာကြောင့် ကိုင်ရိုဆွေးနွေးပွဲဟာ ဘာမှထွေထွေထူးထူး တိုးတက်မှုမရှိခဲ့ပါဘူး။” လို့ အမည်မဖော်လိုတဲ့ ဟားမတ်စ်အရာရှိက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ အစောပိုင်းက အီဂျစ်နိုင်ငံပိုင် Al-Qahera News ရုပ်သံလိုင်းရဲ့ ဖော်ပြချက်အရတော့ ဆွေးနွေးပွဲဟာ တိုးတက်မှုတွေရှိခဲ့ပြီး ဆွေးနွေးဆဲ ကိစ္စရပ်တွေအတွက် ကိုယ်စားလှယ်အဖွဲ့တွေကြား သဘောတူညီမှုတစ်ရပ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေလျှော့ပေးမယ့် သဘောတူညီချက်အတွက် အမေရိကန် စီအိုင်အေ ဒါရိုက်တာ William Burns ဟာ စနေနေ့က အီဂျစ်ကို ရောက်ရှိလာပြီး အစ္စရေးနဲ့ ဟားမတ်စ်ကလည်း ကိုယ်စားလှယ်အဖွဲ့တွေ အသီးသီး စေလွတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကတည်းက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှုတစ်စုံတစ်ရာ မရရှိခဲ့ကြပါဘူး။

ဟားမတ်စ်အဖွဲ့ကတော့ အစ္စရေးရဲ့ ထိုးစစ်ကို အဆုံးသတ်ဖို့နဲ့ ပါလက်စတိုင်းနယ်မြေအတွင်းကနေ အစ္စရေးကို အပြည့်အဝဆုတ်ခွာပေးဖို့ တစ်စိုက်မတ်မတ်တောင်းဆိုလာခဲ့ပါတယ်။

အစ္စရေးဘက်ကတော့ စစ်ပွဲကို အဆုံးသတ်ဖို့ ကတိကဝတ်မပြုပဲ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ ဂါဇာကမ်းမြှောင်မှာရှိနေတဲ့ ဓားစာခံတွေကို လဲလှယ်ဖို့ အစ္စရေးဘက်က လိုလားနေပါတယ်။

Ref; Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။