Trending Now

ဟိုတယ် နှင့် KTV တွင် လူစုလူဝေးဖြစ်နေသည့်ကိစ္စ မဟုတ်ကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ငြင်းဆို

Spread the love

ဟိုတယ် နှင့် KTV တွင် လူစုလူဝေးဖြစ်နေသည့်ကိစ္စ မဟုတ်ကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ငြင်းဆို

EPN
မြစ်ကြီးနား၊ ဇွန် ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဝိုင်းမော်-ကန်ပိုင်တီ-ချီဖွေ သွားလမ်း ကားလမ်းမကြီးဘေးရှိ ဟိုတယ်နှင့် KTV တစ်ခုအတွင်း ညစဉ်လူစုလူဝေး ဖြစ်နေသည် ဆိုသည့် ကိစ္စမှာ မဟုတ်မမှန်ကြောင်း ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာပေါ်၌ ယင်းဟိုတယ် နှင့် KTV အတွင်းနေ့စဉ် ညစဉ် နိုင်ငံခြားသားများ ဝင်ထွက်သွားလာခြင်း၊ ညအချိန်တွင်လည်း လူအများကား၊ ဆိုင်ကယ်ဖြင့် ဝင်ထွက် သွားလာနေခြင်းတို့ကြောင့် လူစုလူဝေးဖြစ်စေနေကြောင်း ရေးသားဖော်ပြထားပြီး ယင်းကိစ္စကို ဝိုင်းမော် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ မဟုတ်မမှန်ကြောင်း ၎င်းကဆိုသည်။

“အဲ့ကိစ္စက မဟုတ်ပါဘူး။ တင်တဲ့လူကလည်း အရင်က ပုံဟောင်းတွေနဲ့ လျောက်တင်တာ။ ကျွန်တော်တို့ အနေနဲ့ မနေ့ကပဲ ခရိုင်အဆင့်ထွေအုပ်နဲ့ ရဲတွေနဲ့ ရှောင်တခင်ဝင်စစ်တယ်။ ဘာမှမတွေ့ပါဘူး။ အဲ့ဒါတွေ အရင်က အဟောင်းတွေ။ ကျွန်တော်တို့အနေနဲ့လဲ ဒီလိုတွေမဖြစ်အောင် အမြဲစိစစ်နေတာပဲ”ဟု ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဝိုင်းမော်မြို့အမှတ်(၂)ရပ်ကွက်၊ ယင်းဟိုတယ်နှင့် KTV အနီးပတ်ဝန်းကျင် ၌ နေထိုင်သူတစ်ဦးက EPNသို့ ဇွန်လ (၆)ရက်နေ့က ယခုကဲ့သို့ ပြောပြသည်။

“ညတိုင်း၊ နေ့တိုင်းမှာ လူဝင်လူထွက် အရမ်းများနေတော့ စိုမ်းရိမ်တာပေါ့လေ။ အခုချိန်က ကိုဗစ်ကာလ အချိန်လည်းဖြစ်တယ်။ မြို့နယ်က ထုတ်ပြန်ထားတဲ့ အမိန့်တွေကို မလိုက်နာကြဘူး။ ကိုယ်ကျိုးစီးပွားကို သာကြည့်ပြီး ဥပဒေကို မျက်ကွယ်ပြုတဲ့ လုပ်ရပ်တစ်ခုပါ”ဟု EPN သတင်းဌာနသို့ ပြောသည်။

ထို့ပြင် လက်ရှိ ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးအတွက် KTV များကို ယာယီပိတ်ထားပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာများကိုမှု ပိတ်ထားရန်ညွန်ကြားထားမှု မရှိသေးကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးခိုင်ဝင်းက ယခုကဲ့သို့ ဆိုသည်။

”ဒီကချင်ပြည်နယ်အနေနဲ့က ဟိုတယ်နှင့် တည်းခိုရပ်သာတွေကို ပိတ်ထားပါလို့ ညွန်ကြားထားတာ မရှိဘူး။ သူတို့အစီအစဉ်နဲ့သူတို့ ဧည့်သည်မရှိလို့ ပိတ်ထားတာပဲရှိတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ဝိုင်းမော်မြို့နယ်အတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များအား ချိုးဖောက်မူ့ မရှိစေရေး အတွက် သက်ဆိုင်ရာမှ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။