Trending Now

လူမိုက်ကျော်ဝင်းစိန်အား သတ်ဖြတ်ခဲ့သူ ၉ ဦးကို စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိ

Spread the love

လူမိုက်ကျော်ဝင်းစိန်အား သတ်ဖြတ်ခဲ့သူ ၉ ဦးကို စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိ

EPN
စစ်ကိုင်း၊ မတ် ၇ (၂၀၂၄)

ရန်ကုန်မြို့တွင်နေထိုင်သည့် လူမိုက်ကျော်ဝင်းစိန်အား သတ်ဖြတ်ကာတိမ်းရှောင်နေသူ ၉ ဦးကို ယမန်နေ့၊ မတ် ၆ ရက် မွန်းတည့်ပိုင်းက စစ်ကိုင်းမြို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့၊ မွန်းတည့် ၁၂ နာရီခွဲခန့်က လုံခြုံရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စစေတီဘုရားအနီးရှိ ပုဗ္ပာရုံကျောင်းအတွင်း၌ လူမိုက်ကျော်ဝင်းစိန်အား သတ်ဖြတ်ကာထွက်ပြေးတိမ်းရှောင်နေသူများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြသည်။

” ဖမ်းဆီးရမိတယ်ဆိုတာ ဟုတ်တယ်။ လူသတ်ပြီး တိမ်းရှောင်နေတာပေါ့။ ဘုရားတည်ဖို့ကို အကြောင်းပြပြီး တိမ်းရှောင်လာကြတာလို့ သိရတယ်။ အဓိက ပြစ်မှုကျူးလွန်တဲ့လူဖြစ်တဲ့ ရဲမျိုးသိန်း (ခ)ငမျိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ယောက်ကို ဖမ်းမိခဲ့တာပါ။ ဖမ်းဆီးတဲ့အချိန်မှာ ထွက်ပြေးတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ် ” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ရဲမျိုးသိန်း (ခ)ငမျိုး၊ အောင်ကျော်ကြား (ခ)ကျော်ကြီး၊ ဟိန်းထက်အောင် (ခ)ခေါင်းကြီး၊ အောင်မြတ်မင်း (ခ)အောင်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး (ခ)အောင်လေး၊ ကျော်ဆန်းလင်း (ခ)သံမဏိ၊ မျိုးမင်းနိုင် (ခ)အရှည်ကြီးနှင့် ဇော်မင်းဦး (ခ)တွတ်ပီတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဓားရှည် (၅)ချောင်း၊ ဓားမြှောင် (၂) ချောင်း၊ လေးခွ (၁)လက်၊ သံကုန်းသီး (၄၂)လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ပြစ်မှုကျူးလွန်သူများသည် လူမိုက်ကျော်ဝင်းစိန်အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်၊ ညပိုင်းက ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်းတွင် အုပ်စုဖွဲ့သတ်ဖြတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသဖြင့် အလုံမြို့မရဲစခန်းက (ပ)၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ ဖြင့် အမှုဖွင့်ကာ အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားသူများဖြစ်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။