Trending Now

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသည့် ပြည်သူများရှိသဖြင့် မဲစာရင်းကောက်ယူရာတွင် အခက်အခဲ ဖြစ်နေဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆို

Spread the love

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသည့် ပြည်သူများရှိသဖြင့် မဲစာရင်းကောက်ယူရာတွင် အခက်အခဲ ဖြစ်နေဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆို

 

EPN
မြစ်ကြီးနား၊ ဇွန် ၁၈

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသည့် ပြည်သူများရှိသဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူရာတွင် အခက်အခဲ ဖြစ်နေကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ကချင်ပြည်နယ် အတွင်း မဲစာရင်းကောက်ယူသည့်အခါတွင် ပြည်သူအချို့အနေနှင့် မှတ်ပုံတင် မရှိသေးခြင်း၊ ပျောက်ဆုံးနေခြင်း၊ ပြုလုပ်ဆဲ ဖြစ်နေခြင်း စသည်တို့ကို တွေ့ရကြောင်းနှင့် နိုင်ငံသား အခွင့်အရေး မဲပေးခွင့် ဆုံးရှုံးမှုမရှိစေရန် သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင် အမြန်ဆုံး ပြုလုပ်သင့်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အရာရှိ ဦးထွန်းအောင်ခိုင်က ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ မဲစာရင်းပြုစုရင်းနဲ့ မဲဆန္ဒရှင်တွေမှာ မှတ်ပုံတင်မရှိဘူး၊ ပျောက်ဆုံးနေတယ်၊ နံပါတ်မမှတ်မိဘူး၊ ပြုလုပ်ဆဲလို့ ပြောတာတွေ ရှိတယ် တချို့ကျတော့ ခရီးလွန်နေတယ် ကျန်တဲ့ မိသားစုဝင်တွေက မသိလို့ ပြောတာတွေရှိတယ် တချို့ကျတော့လည်း မှတ်ပုံတင်ကို လုပ်ကို မလုပ်ရသေးဘူး ဒါကြောင့်မို့လို့ မဲပေးတဲ့နေ့မှာ အဆင်ပြေပြေ မဲပေးနိုင်ဖို့ဆိုရင် မဲဆန္ဒရှင်တွေက မိမိမှာမှတ်ပုံတင်မရှိဘူးဆိုရင်လည်း ဒီအချိန်ကာလ အတွင်းမှာ မှတ်ပုံတင်ပြုလုပ်ကြဖို့ တိုက်တွန်းချင် ပါတယ်” ဟု ဦးထွန်းအောင်ခိုင်က ဆိုသည်။

မဲဆန္ဒရှင်များ အနေနှင့် မဲစာရင်းတွင် ပါဝင်မှ ဆန္ဒမဲ ပေးပိုင်ခွင့်၊ မဲထည့်ခွင့် ရရှိမည် ဖြစ်သဖြင့် မဲစာရင်း ကြေညာချိန်တွင် ကိုယ်တိုင် လာရောက်ကြည့်ရှုကြဖို့ လိုကြောင်း၊ မဲစာရင်းတွင် ကာယကံရှင် (သို့) မိသားစုဝင် အမည် မပါဝင်လျှင်၊ အချက်အလက်မှားနေလျှင်၊ ပြန်လည် ပြင်ဆင်ဖို့အတွက် တောင်းဆို နိုင်ကြောင်း၊ ယင်းသို့ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုခြင်းအားဖြင့် ကြေညာထားသည့် မဲစာရင်းအနေနှင့်လည်း ပြည်စုံသထက် ပြည့်စုံလာမည်၊ မှန်ကန်လာမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောဆိုသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ယောက်၏ မဲပေးပိုင်ခွင့် အပါအဝင် အခြား များစွာသော ကိစ္စရပ်များအတွက် အရေးကြီးသည် ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ ဒေသများသို့ သုံးလ စီမံချက်နှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

“ကျနော်စပြီး တာဝန်ယူတဲ့ အချိန် နောက်ပိုင်းမှာ ညွန်ကြားချက် တစ်ခုထွက်လာပါတယ်၊ အဲ့ဒီညွှန်ကြားချက် အရ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ကတ်ပြားပေါင်း အသစ် (၁၀၀၀၀) ကျော် ဆောင်ရွက် ပေးခဲ့ပါတယ်” ဝန်ကြီး ဦးဇော်ဝင်းက ဆိုသည်။

ထို့အပြင် ပြည်နယ်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနအနေနှင့် ယင်း သုံးလစီမံချက် အပေါ် အားနည်းချက်၊ အားသာချက် များကို ပြန်လည် စိစစ် သုံးသပ်ပြီး ကချင်ပြည်နယ်အတွင်းရှိ (၁၈)မြို့နယ်နီးပါးတွင် ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းကာ ပြည်သူများ အတွက် အိမ်ထောင်စုကိစ္စ၊ မှတ်ပုံတင်ကိစ္စများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ချီဖွေ၊ ဆော့လော် စသည့် မြို့နယ်များတွင် သီးခြား စီမံချက်များနှင့် ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးက ထည့်သွင်းပြောဆိုသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အနေနှင့် မဲစာရင်း ကောက်ခံခဲ့ရာ လက်ရှိ အချိန်အထိ ၁၀ သိန်းကျော် ကောက်ခံရရှိ ထားကြောင်း သိရသည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။