Trending Now

မြစ်ကြီးနားမြို့တွင် အခြားသော တိုင်းဒေသကြီးမှ ကျောင်းသားသစ်များ ကျောင်းအပ်နှံမှု အပိုင်းတွင် အခက်အခဲရှိနေ

Spread the love

မြစ်ကြီးနားမြို့တွင် အခြားသော တိုင်းဒေသကြီးမှ ကျောင်းသားသစ်များ ကျောင်းအပ်နှံမှု အပိုင်းတွင် အခက်အခဲရှိနေ

EPN
မြစ်ကြီးနား၊ ဇွန် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ အထက ကျောင်းများတွင် အခြားသော တိုင်းဒေသကြီးမှ ပြောင်းရွှေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု အပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်နေ‌ရကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒေသကြီးတို့မှ နိုင်ငံရေး အခြေအနေများကြောင့် နီးစပ်ရာ တိုင်းနှင့် ပြည်နယ်များသို့ ပြောင်းရွှေ့ရာတွင် ကျောင်းသား၊ ကျောင်းသူ များ၏ ကျောင်းပြောင်း TCဖောင်၊ မပါခြင်း၊ အောင်လက္မှတ် မပါခြင်းတို့ကြောင့် မြစ်ကြီးနားမြို့ပေါ် အထက ကျောင်းများ၌ ကျောင်းအပ်နှံမှု အပိုင်းတွင် အခက်အခဲ ရှိနေကြောင်း ကျောင်းသား မိဘများက ပြောသည်။

” ကျမတို့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဘက်က နိုင်ငံရေး အခြေအနေမကောင်းလို့ ကလေးတွေကို မြစ်ကြီးနားမြို့မှာ ကျောင်းထားဖို့ လာခဲ့တာ။ ဒီရောက်တော့ အောင်လက္မှတ် ကျောင်းထွက်လက္မှတ်တွေ ပါမှရမယ်ပြောတော့ အခုချိန်ထိ ကျောင်းမအပ်ရသေးဘူး။ ကျမတို့နယ်ဘက်‌ေတွက နိုင်ငံရေး အခြေအနေ မကောင်းတော့ ဘာမှယူမရဘူး။ အဲ့တော့ အခက်တွေ့နေရတယ်။ ကလေးလည်း ကျောင်းမတက်ရသေးဘူး ” ဟု ၎င်းက ရှင်းပြသည်။

မေလ ၂၃ရက်နေ့က စ၍ မြန်မာတစ်ဝန်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်း‌သားဟောင်းများ လက်ခံ၍ ကျောင်းအပ်နှံမှုများ ပြုလုပ်ခဲ့ပြီး ကျောင်းသားသစ်များအား မေလ ၃၀ ရက်နေ့ကစ၍ ဇွန်လကုန်အထိ ကျောင်းအပ် လက်ခံနေကြောင်း သိရသည်။

“နိုင်ငံရေး အခြေအနေ မကောင်းတဲ့ မြို့နယ်တွေမှာ အခုချိန်ထိ ကျောင်းအပ်ခံတာတွေ မရှိသေးဘူး။ ကျောင်းအုပ်၊ ဆရာ၊ ဆရာမ မရှိလို့ အောင်လက္မှတ်၊ ကျောင်းထွက် လက္မှတ် ထုတ်လို့ မရဘူး။ အဲ့တော့ ကျောင်းသားသစ်တွေကို တခြားမြို့တွေမှာ ကျောင်းအပ်ပေးဖို့ မလွယ်ဘူး။ ဇွန်လကုန်မှ ကျောင်းထွက် TC ဖောင်တွေ မရရင် ကလေးတွေကို ဘယ်သွားထားရမလဲ အရမ်းဒုက္ခရောက်နေတယ် ” ဟု မြစ်ကြီးနားမြို့ခံ ကျောင်းသား မိဘတစ်ဦးက ထည့်သွင်းပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ ဟောင်းများအတွက် ကျောင်းအပ်နှံခနှုန်း ပေးဆောင်ရမှု မရှိသော်လည်း ကျောင်းသား၊ ကျောင်းသူ သစ်များအဖို့ နယ်မြေကျော်လွန် ကျောင်းအပ်နှံခြင်းအတွက် အခကြေးငွေ ပေးဆောင်းရကြောင်း သိရသည်။

နိုင်ငံရေး ပဋိပက္ခ ပြသနာများကြောင့် အခက်အခဲ ရှိနေသည့် တိုင်းဒေသကြီးများမှ ပြောင်းရွှေ့လာသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန အနေဖြင့် ‌ကလေးသူငယ်များ၏ ပညာရေးအား ရှေ့ရှု့၍ သနားငဲ့ညှာသည့် အနေဖြင့် အရေးကြီးကဏ္ဍ တစ်ခုအဖြစ် ထည့်သွင်းစဉ်းစား စေလိုကြောင်း ကျောင်းသားမိဘ အများစုက လိုလားနေကြသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။