Trending Now

ဗန်းမောက်မြို့နယ် ဒေသစိတ်နှစ်ခု အတွင်းရှိ စာသင်ကျောင်း ၅၆ ကျောင်း မဖွင့်လှစ်နိုင်သေး

Spread the love

ဗန်းမောက်မြို့နယ် ဒေသစိတ်နှစ်ခု အတွင်းရှိ စာသင်ကျောင်း ၅၆ ကျောင်း မဖွင့်လှစ်နိုင်သေး

EPN
ဗန်းမောက်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ဒေသစိတ် နှစ်ခုအတွင်းရှိ စာသင်ကျောင်း ၅၆ ကျောင်း ယခုအချိန်အထိ မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်ရှိ ဒေသစိတ် ၇ စိတ်အတွင်း စာသင်ကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို မေလ ၂၆ ရက်နေ့က စတင်လက်ခံခဲ့ရာ ကျောင်းလာရောက်အပ်နှံသူ ကျောင်းသား၊ကျောင်းသူ ၇၀ ရာခိုင်နှုန်းရှိပြီး ဒေသစိတ် ၅ စိတ်မှ ကျောင်းများကို ဇွန်လ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့သော်လည်း မံကပ်ဒေသစိတ်အတွင်းရှိ ကျောင်းပေါင်း ၃၃ ကျောင်းနှင့် ကနန်းဒေသစိတ်အတွင်းရှိ ကျောင်းပေါင်း ၂၃ ကျောင်း စုစုပေါင်း ၅၆ ကျောင်းကို မဖွင့်လှစ်ရန် သတိပေးစာများကို ဗန်းမောက်မြို့နယ် PDF များမှ စာသင်ကျောင်း ဝန်းထရံများနှင့် အုတ်တံတိုင်းတွေမှာ ဇွန်လ ၁ ရက်နေ့ ညပိုင်းအချိန်တွင် လာရောက် ကပ်ထားခြင်းနှင့် Non-CDM ဆရာ၊ ဆရာမများအား အသိပေး အကြောင်းကြားခြင်း၊ ဒေသအုပ်ချုပ်ရေးမှူးများအား သတိပေး အကြောင်းကြားခြင်းနှင့် ကျေးရွာများရှိ ကျောင်းများအား ဖွင့်လှစ်ထားခြင်း ရှိမရှိ လာရောက် စစ်ဆေးမေးမြန်းခြင်းများကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် မိဘများက ကြောက်ရွံ့နေကြရသဖြင့် ကျောင်းများပြန်လည် မဖွင့်လှစ်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
“ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များမှ မံကပ် ဒေသစိတ် ကျေးရွာအတွင်းရှိ စာသင်ကျောင်းများရှိ ဝန်းထရံတွေ၊ အုတ်တံတိုင်းတွေမှာ အသိပေးစာများ လာရောက်ပြိး ကပ်ထားကြတယ်။ ပြီးတော့ စာသင်ကျောင်းတွေ ဖွင့်လှစ်ထား၊ မထားလားဆိုတာ လာရောက်မေးမြန်းမှုတွေရှိတယ်။ဆရာ၊ ဆရာမတွေ အသက်နှစ်ချောင်းပါရင်ဖွင့်ဆိုတဲ့ စကားသံတွေကြားနေရတယ်။ အုပ်ချုပ်ရေးမှူးတွေကိုလည်းသတိပေး အကြောင်းကြားထားတာရှိပါတယ်။ ကလေးတွေကကျောင်းတအားတက်ချင်ကြတယ်။ ကိုဗစ်ကတစ်နှစ်၊ နိုင်ငံရေးအရှုပ်အရှင်းက တစ်နှစ်ဆိုတော့ ကျောင်းသားတွေက အသက်ကကြီးလာပြီး ပညာရေးနောက်ကျမှာကို ကလေးတွေရော မိဘတွေရော စိုးရိမ်ကြတာပေါ့။ သတိပေးစာတွေကပ်ထားတော့ ဆရာ၊ဆရာမတွေလဲ မလာရဲကဘူး။ ဒါကြောင့် မံကပ်ဒေသစိတ်ကကျောင်း ၃၃ ကျောင်းနဲ့ ကနန်းဒေသစိတ်က ကျောင်း ၂၃ ကျောင်းကတော့ ခုချိန်ထိ မဖွင့်လှစ်နိုင်ကြသေးဘူး။မြို့နယ်ကိုတော့ ဒီလိုတွေဖြစ်နေတာ အကြောင်းကြားထားတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ဗန်းမောက်မြို့နယ်၌ စာသင်ကျောင်းပေါင်း ၁၉၇ ကျောင်းရှိပြီး ကျောင်းလာရောက်အပ်နှံသူ ကျောင်းသား၊ကျောင်းသူ မူလတန်းမှအထက်တန်းအထိ စုစုပေါင်း ကျောင်းသားဦးရေ ၁၈၄၃၆ ဦးရှိကာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ထက် ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းလာရောက်အပ်နှံသူ နှစ်ဆထိ ရှိခဲ့ပြီဖြစ်ကြောင်း ဗန်းမောက်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
နာဂစ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။