Trending Now

ပန်ဝါမြို့၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ကျပ်သိန်းပေါင်း ငါးရာခန့်ချီးမြှင့်ခဲ့

Spread the love

ပန်ဝါမြို့၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ကျပ်သိန်းပေါင်း ငါးရာခန့်ချီးမြှင့်ခဲ့

EPN

ပန်ဝါမြို့၊ ဇန်နဝါရီ ၁၁

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ ထာဝရငြိမ်းချမ်းရေး အားကစားကွင်း၌ ကျင်းပခဲ့သည့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ (၁၀) ရက် (ကချင်ပြည်နယ်နေ့)တွင် ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ဆုရ အားကစားသမားများအား ကျပ်သိန်းပေါင်း ငါးရာခန့် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပန်ဝါ‌ဒေသအတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ (၄)ရက်နေ့မှ စ၍ (၁၀)ရက်နေ့အထိ ၆ရက်တိုင်တိုင် ကျင်းပ ပေးခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင်ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ အပြေးပြိုင်ပွဲ၊ အိတ်စွတ်အပြေးပြိုင်ပွဲ၊ အားလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ ထုပ်စည်းတိုး(ထုပ်ဆီးတမ်း)၊ အုန်းသီးလုစသည့် ပြိုင်ပွဲများအပါအဝင် အားကစားနည်း (၁၃) မျိုးအထိ ပါဝင်ပြီး ပန်ဝါဒေသအတွင်းရှိသော မူလတန်းအဆင့်မှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပန်ဝါဒေသပြည့်သူ့စစ်ညွှန်ကြားရေးမှူး ဦးဘောမ်လန်းက “ပန်ဝါဒေသက ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ စည်းလုံးညီညွှတ်မှု ပိုခိုင်မာလာစေရန်နဲ့ နောင်တချိန်တွင် ပန်ဝါဒေသမှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာဖို့ မျှော်လင့်မိပါကြောင်း” ယင်းအခမ်းအနားတွင် အထူးတိုက်တွန်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် ပန်ဝါမြို့အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်ယိန်းဆောင်၊ ဒေသကြီးအကဲများက ပြိုင်ပွဲများကို ကြည့်ရှု့အားပေးကာ အားကစားနည်းအလိုက် ပထမ၊ ဒုတိယ၊ တတိယ စသည့် ဆုများအပြင် နှစ်သိမ့်ဆုများ ရရှိခဲ့ကြသည့် အားကစားသမားများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအသီးသီး ချီးမြှင့် ပေးခဲ့ကြသည်။

“ပန်ဝါမြို့ ကျေးရွာအုပ်စုအတွင်းမှကျောင်းအသီးသီးက ကျောင်းသားကျောင်းသူတွေကို စည်းလုံးခြင်းတွေရှိဖို့ရယ် ပြီးတော့ ပျော်ရွှင်ဖို့၊ ကျန်းမာသန်စွမ်းတဲ့ ကျောင်းသားကျောင်းသူတွေဖြစ်ကြစေဖို့နဲ့ အားကစားသမား ကောင်းတွေ ပေါ်ထွက်စေဖို့ ရည်ရွည်ပြီး ကျင်းပပေးတာဖြစ်တယ် ပြီးတော့ ဒီပွဲကို အဘက်ဘက်က ကူညီ‌ပြီး ကျင်းပပေးတဲ့ ချီးမြှင့်ပေးတဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ” ဟု ပန်ဝါ အထက်တန်းကျောင်းအုပ်ဆရာမကြီးက ဆိုသည်။

အဆိုပါ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ အားကစားသမားများအား ကချင်ပြည်နယ် ပြည်နယ်ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်ယိန်းဆောင်၊ မြို့အုပ်ချုပ်ရေးမှူး၊ ဒေသတည်ငြိမ် ဖွံ့ဖြိုးရေး အဖွဲ့အစည်းတို့မှ ဂုဏ်ပြု ဆုတံဆိပ်များနှင့် အတူ ဂုဏ်ပြုဆုငွေ စုစုပေါင်း ကျပ်သိန်း ၅၀၀ နီးပါး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပန်ဝါမြို့ရှိ ထာဝရငြိမ်းချမ်းရေးအားကစားကွင်း၌ ကျင်းပခဲ့သည့် ယင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့၊ ဇန်နဝါရီ (၄)ရက် နံနက်ပိုင်းအချိန်က ကချင်ပြည်နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်‌ဟောင်း ဦးဇခုန်ယိန်းဆောင် မိသားစုမှ သိန်း (၇၀၀)ကျော် အကုန်ကျခံကာ တည်ဆောက်ပေးခဲ့သည့် ထာဝရငြိမ်းချမ်းရေးအားကစားကွင်း ပွဲကြည့်စင်ကို ပန်ဝါမြို့တာဝန်ရှိသူများထံသို့ လွဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။