Trending Now

နမ့်မွန်းမြို့၊ နတ်ကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရ

Spread the love

နမ့်မွန်းမြို့၊ နတ်ကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရ

EPN
မြစ်ကြီးနား၊ မတ် ၂၆ (၂၀၂၄)

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်တွင် ယနေ့ (မတ်လ ၂၆ရက်နေ့)၊ နံနက် (၃)နာရီခွဲခန့်က အုပ်ချုပ်ရေးမှူး ဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့၊ နံနက်ပိုင်းက နတ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူမှာ မနက်ခင်းဈေးသို့ သွားရောက်စဉ် ဈေးအနီးတွင် လူငယ် (၂)ဦးမှ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့် (၂)ချက်ပစ်ခတ်သွားခဲ့ပြီး ကျေးရွာအတွင်းသို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” အုပ်ချုပ်ရေးမှူးက ဈေးကိုအသွား ဈေးရောက်ခါနီးမှာပဲ ဆိုင်ကယ်နဲ့ လူငယ် (၂)ယောက် ရောက်လာပြီး သေနတ်နဲ့ နှစ်ချက်ပစ်သွားခဲ့တယ်။ အဲ့ဒီနောက် ဆိုင်ကယ်နဲ့ပဲ ရွာထဲကို ဝင်သွားကြတယ်။ သေနတ်နဲ့ ပစ်ခံရတဲ့သူကိုတော့ ဆေးရုံကြီးကို ပို့ထားတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခံရသူမှာ နတ်ကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးအောင် ဆိုသူဖြစ်ကာ မေးစေ့တွင် ကျဉ်ထိမှန် ဒဏ်ရာတစ်ချက် ဝမ်းဗိုက်ကျဉ်ထိမှန် ဒဏ်ရာတစ်ချက် ရရှိထားပြီး၊ လက်ရှိတွင် နမ့်မွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ စတင်ကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် PDF အဖွဲ့ဝင်များမှ အုပ်ချုပ်ရေးမှူးများအပေါ် ခြိမ်းခြောက်စာများ ထုတ်ပြန်ထားကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။