Trending Now

ကချင်ပြည်နယ်တွင်က ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်းမြစ်များကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

Spread the love

ကချင်ပြည်နယ်တွင်က ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်းမြစ်များကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်းအမြစ်များစွာရှိပြီးဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကချင်ပြည်နယ်အတွင်းမှာ ရေအားလျှပ်စစ် ထုတ်ယူနိုင်မယ့် အရင်းအမြစ်များစွာရှိပြီးဖြစ်တဲ့အတွက် အကျိုးရှိစွာ အသုံးချစေလိုပါတယ်။ တစ်ဖက်ကလည်း လျှပ်စစ်ဓာတ်အားကို လျော့ချသုံးစွဲဖို့ လိုအပ်ပါတယ်။” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ရအားလျှပ်စစ်များထုတ်လုပ်မည်ဆိုပါက မီဂါဝပ် ၄ သောင်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများရပ်တန့်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အချိန်ကာလတစ်ခုအထိ ကြာမြင့်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ဆောင်ရွက်ရကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်းများသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရသလို ကချင်ပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်းများသည်လည်း ဒေသခံများ၏ ကန့်ကွက်မှုများနှင့် တိုက်ပွဲများကြောင့် ရပ်နားခဲ့ရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်းများကို ၂၀၁၀ ခုနှစ်တွင် မြန်မာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် SPIC Yunnan International Power Investment Co., Ltd၊ အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းကာ Upstream Ayeyawady Confluence Basin Hydropower Co., Ltd. (ACHC) ကိုတည်ထောင်ခဲ့ကာ မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမည့် မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်း အပါအဝင် ဧရာဝတီမြစ်ဝှမ်းဒေသတွင် ဆည်ပေါင်း ၈ ခု တည်ဆောက်ရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ကချင်ပြည်နယ်အတွင်း ၉၉ မဂ္ဂါဝပ် ထွက်ရှိသော ချီဖွေငယ်ရေအားလျှပ်စစ် စီမံကိန်း တစ်ခုသာ ပြီးစီးခဲ့ပြီး ၃၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ချီဖွေရေအားလျှပ်စစ်စီမံကိန်း၊ ၂၅၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဝဆုတ်(အူဆောက်)ရေအား လျှပ်စစ်စီမံကိန်း၊ ၂၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဖီဆာရေအားလျှပ်စစ်စီမံကိန်း၊ ၃၀၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ခေါင်လန်ဖူး ရေအားလျှပ်စစ်စီမံကိန်း၊ ၂၈၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လိုင်ဇာ(မလိယန်)ရေအားလျှပ်စစ်စီမံကိန်း တို့ကို ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရပ်နားခဲ့ရကြောင်း သိရသည်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည်လည်းအရေးကြီးကြောင်း နှင့် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ နှင့် လေအားအသုံးပြုလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။