Trending Now

KIO နေ့ အကြိုဂုဏ်ပြုပွဲ ပြုလုပ်‌နေစဉ် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် KIO/KIA အရာရှိ အချို့၊ အနုပညာရှင်များ အပါအဝင် လူငါးဆယ်ကျော်သေဆုံး၊ ရှစ်ဆယ်ကျော်ဒဏ်ရာရ

Spread the love

KIO နေ့ အကြိုဂုဏ်ပြုပွဲ ပြုလုပ်‌နေစဉ် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် KIO/KIA အရာရှိ အချို့၊ အနုပညာရှင်များ အပါအဝင် လူငါးဆယ်ကျော်သေဆုံး၊ ရှစ်ဆယ်ကျော်ဒဏ်ရာရ

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသ လုံးခင်း‌ကျေးရွာအုပ်စု၊ ကံစီးမှော် ကျေးရွာဘက် ကေအိုင်အေ တပ်မဟာ (၉) ထိန်းချုပ်ထားသည့်နယ်မြေအတွင်း အောက်တိုဘာလ ၂၃ ရက်၊ ယမန်နေ့ ည (၈)နာရီအချိန်၌ ကေအိုင်အေ တပ်ဖွဲ့မှ (၆၂)ကြိမ်မြောက် KIO နေ့ အကြို ဂုဏ်ပြုပွဲ ကျင်းပနေချိန်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် KIA/KIA အရာရှိ အချို့၊ အနုပညာရှင်များ အပါအဝင် လူ ၅၀ ကျော်သေဆုံးခဲ့ပြီး ၈၀ ကျော် ဒဏ်ရာရ ရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ (၂၅)ရက်နေ့တွင် ကျရောက်မည့် KIO/KIA ၏ (၆၂)ကြိမ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်သည့် အဆိုပါ ဂုဏ်ပြုပွဲသို့ KIO/KIA အရာရှိ အချို့၊ အနုပညာရှင်များ၊ ဖားကန့်ဒေသမှ လုပ်ငန်းရှင်အချို့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ ရောက်ရှိနေစဉ်တွင် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောပြသည်။

“မနေ့က ည၈နာရီအချိန်မှာ ဖြစ်သွားတာပါ၊ KIO/KIA ကနေ ၂၆ ကြိမ်မြောက် တပ်မတော်နေ့ အကြိုဂုဏ်ပြု ပွဲကျင်းပနေချိန်မှာ ဖြစ်သွားတာ ဟုတ်တယ်၊ အနုပညာရှင်တွေရော ဖားကန့်မြို့နယ်က လုပ်ငန်းရှင်တွေရော တက်ရောက်နေကြတာ၊ အဲ့ဒီအချိန် စစ်တပ်ကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတယ် ထိခိုက်သူ အတော်လေး များတယ် ကေအိုင်အေ အရာရှိအချို့နဲ့ အနုပညာရှင်‌တွေ လုပ်ငန်းရှင်တွေ အများအပြား သေဆုံးခဲ့တယ်၊ ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများကြီး”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

ယင်းအခမ်းအနားသို့ တက်ရောက်နေသူများအနက် ကေအိုင်အေ တပ်မဟာ (၉) မှ တပ်မဟာမှူး(၂)ဦး၊ ကချင် အနုပညာရှင် (၄)ဦး၊ လုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း (၅၀)ကျော်သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၈၀) ဦး ထက်မနည်း အများအပြား ဒဏ်ရာရရှိသွားကြောင်း မြေပြင်သတင်းများအရ ကနဦး သိရသည်။

ယင်းဖြစ်ရပ်ကြောင့် ဖားကန့်မြို့နယ်တွင် စစ်တပ်နှင့် KIO/KIA တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကြမည်ကို ဒေသခံများက စိုးရိမ်လျှက်ရှိနေကြပြီး ဆန်၊ ဆီ၊ ဆား နှင့် စားနပ်ရိက္ခာ များ စုဆောင်းနေကြောင်း လုံးခင်း ကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“ဖားကန့်ဒေသမှာ အခြေအနေ ပိုဆိုးလာနိုင်တယ် တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်လာနိုင်တယ် မနေ့ညက ဖြစ်သွားတဲ့ သတင်းကြောင့် ဖားကန့်နေပြည်သူတွေ စားသောက်ကုန်တွေ စုနေကြပြီ တချို့က လည်း ပြန်ဆင်းဖို့ လုပ်နေကြတယ်”ဟု ၎င်းက ပြောပြသည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်နှင့် KIO/KIA တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်း အချိန်ကလည်း ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ စပေါ့ကျေးရွာအုပ်စု မိုးကာတဲကျေးရွာသို့ ချီတက်လာသည့် တပ်မတော်စစ်ကြောင်းအား KIA က ကြားဖြတ် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။