Trending Now

မြစ်ကြီးနားမြို့တွင် မီးဖိုမီးကြွင်းမီးကျန်များမှ တဆင့် အဆောက်အအုံ သုံးလုံးဆင့်မီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် မီးဖိုမီးကြွင်းမီးကျန်များမှ တဆင့် အဆောက်အအုံ သုံးလုံးဆင့်မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ (၂၆)ရက်နေ့နေ့လယ်(၁)နာရီခန့်က အောင်နန်းရပ်ကွက်ရှိနေအိမ်တစ်ခုတွင် မီးဖို မီးကြွင်းမီးကျန်များမှာ တဆင့် အဆောက်အအုံ (၃)လုံးဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်နန်းရပ်ကွက်၊ နယ်မြေ (၅) အတွင်းရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်တစ်ခုတွင် အိမ်ခြေရာမဲ့များမှ ဝင်ရောက်နေထိုင်ပြီး ချက်ပြုတ်စားသောက်ရာ မီးဖို မီးကြွင်းမီးကျန်များမှတစ်ဆင့် အနီးရှိ ထရံသို့ မီးစတင်ကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

“နေလယ်ကြီးမီးခိုးငွေ့တွေ အများကြီးထွက်လာပြီး လောင်ခဲ့တာ၊ အိမ်ကလဲ ထရံကာဆိုတော့မီးလောင်ရလွယ်တယ်၊ အဲ့ဒီအိမ်က အရင်က ဗီဒီယိုရုံဟောင်း ဟုတ်တယ်၊ လူလဲနေထိုင်ခြင်း မရှိတော့ အိမ်ခြေရာမဲ့တွေ တက်နေ နေကြတာ၊ သူတို့ဘာသာချက်စားတာတွေလုပ်ရင်း မီးကြွင်းမီးကျန်တွေကနေ လောင်တယ်လို့ သိရတယ်၊ ဘေးက အိမ် (၂)လုံးလဲ ပါသွားတယ်” ဟု ၎င်းက ပြောပြသည်။

ယင်းမီးလောင်မှုကို ပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၂)စီး ဖြင့် နာရီဝက်ခန့် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် (၄၅၊ ၁၈)ပေ၊သွပ်မိုး၊ ထရံကာ၊ မြေစိုက်၊ အဆောက်အအုံ (၂)လုံး၊ (၂၇၊၂၇)ပေ၊ သွပ်မိုး၊ ထရံကာ ၊မြေစိုက်၊ အဆောက်အအုံ (၁)လုံး၊ စုစုပေါင်း အဆောက်အအုံ (၃)လုံး ကာလတန်ဖိုး (၂၉) သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲခဲ့သူများကို မြစ်ကြီးနားမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်းတွင် (ပ) ၂၈/၂၀၂၃ ၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။