Trending Now

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကာဇက်စတန်နိုင်ငံရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို သွားရောက်လေ့လာကြည့်ရှု

Spread the love

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကာဇက်စတန်နိုင်ငံရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို သွားရောက်လေ့လာကြည့်ရှု

EPN
နေပြည်တော်၊ အောက်တိုဘာ ၆ (၂၀၂၃)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပထမအကြိမ် စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) သို့တက်ရောက်ရန် ကာဇက်စတန်နိုင်ငံ Astana မြို့သို့ရောက်ရှိနေသော စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာလ ၅ ရက်နေ့တွင် ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Satkaliyev Almassadam နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ထွက်ရှိသော်လည်း ထိရောက်စွာအသုံးချနိုင်ခြင်း မရှိသေးကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေ၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန်လည်း ကြိုးပန်းလျက်ရှိကြောင်း၊ ကာဇက်စတန်နိုင်ငံသည် ကျောက်မီးသွေးထွက်ရှိသော နိုင်ငံဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ကျောက်မီးသွေးမှ ထုတ်လုပ်လျက်ရှိသည်ဟု သိရကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာဆိုင်ရာများ၊ Human Resource (HR) ဆိုင်ရာများ၊ အထူးသဖြင့် ရေနံရှာဖွေရေး ဘာသာရပ်၊ ရေနံအင်ဂျင်နီယာ ဘာသာရပ်၊ ရေနံဓာတု ဘာသာရပ်များနှင့် သတ္တုဗေဒ ဘာသာရပ်များကို Academic သာမဟုတ်ဘဲ On-job Training သင်တန်းများ ကူညီပေးနိုင်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကာဇက်စတန်နိုင်ငံရှိ Astana မြို့တော်ရှိ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် သန့်စင်သော ကျောက်မီးသွေးကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအခြေအနေကို လေ့လာကြည့်ရှုရာ စက်ရုံတာဝန်ရှိသူများက စက်ရုံကို အကြီးစား အဆင့်မြှင့်တင်ခြင်း သုံးကြိမ်ပြုလုပ်ခဲ့ပြီး၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံး အသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်လာခဲ့ကြောင်း၊ စက်ရုံတစ်ရက် လည်ပတ်မှုအတွက် ကျောက်မီးသွေးတန်ချိန် ၄၀၀၀ သို့မဟုတ် သဘာဝဓာတ်ငွေ့ ၈၄ ကုဗပေသန်း လိုအပ်ပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၅၁၀ မဂ္ဂါဝပ်ထွက်ရှိကြောင်း၊ လောင်ကျွမ်းပြီး ကျောက်မီးသွေးပြာများကို နည်းပညာအသုံးပြုပြီး အဆင့်ဆင့် သန့်စင်ပါကြောင်း၊ ၉၉ ရာခိုင်နှုန်း သန့်စင်ပြီး လေထုထဲသို့ လွှင့်ထုတ်ပါကြောင်း၊ သဘာဝပတ်ဝန်ကျင်း ထိခိုက်မှုမရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီးက မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တွင်လည်း စွမ်းအင်ဝန်ကြီးများ Bilateral အစည်းအဝေး ကျင်းပရန်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။