Trending Now

ဖားကန့်ဒေသရှိ ကျောက်ဝိုင်းများတွင် ကျောက်စိမ်း ရောင်း၊ ဝယ်သည့် လုပ်ငန်းများ ပြန်လည်စတင်

Spread the love

ဖားကန့်ဒေသရှိ ကျောက်ဝိုင်းများတွင် ကျောက်စိမ်း ရောင်း၊ ဝယ်သည့် လုပ်ငန်းများ ပြန်လည်စတင်

EPN
ဖားကန့်၊ ဇွန် ၅

ဖားကန့်မှော်ဒေသရှိ ကျောက်စိမ်းရောင်း၊ ဝယ်မှုများပြုလုပ်သည့် ကျောက်ဝိုင်းများအား ယခု ဇွန်လပိုင်း အစတွင်ပင် အရောင်း၊ အဝယ်များ ပြန်လည်စတင်၍ ပြုလုပ်နေပြီ ဖြစ်ကြောင်း လုံးခင်းကျောက်ဝိုင်း ကော်မတီထံမှ သိရသည်။

COVID-19 ကပ်ရောဂါကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ဒေသန္တရအမိန့် ထုတ်ပြန်ချက်များ အရ ကျောက်ဝိုင်းများအား ယာယီပိတ်ထားရာ ယခုအခါ အဆိုပါ ကျောက်ဝိုင်းများတွင် မှီတင်းနေထိုင်လုပ်ကိုင်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ ကျန်းမာရေး သတိပေးမှုများနှင့် အတူ ပြန်လည်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကော်မတီထံမှ သိရသည်။

“ဖားကန့်ဒေသဟာ ကျောက်စိမ်းလုပ်ငန်းကို အဓိက ထားလုပ်ကိုင်နေရတဲ့ ဒေသတစ်ခုပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကတော့ ကျောက်ဝိုင်းဖွင့်လှစ်ဖို့ ခွင့်ပြုထားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျောက်စိမ်း လုပ်ငန်းကို မှီခိုလုပ်ကိုင်နေတဲ့ သူတွေ များပြားတဲ့အတွက် ကျန်းမာရေးအသိပေးမှုတွေနဲ့အတူ ဖွင့်လှစ်လုပ်ကိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု လုံးခင်းကျောက်ဝိုင်း ကော်မတီ အဖွဲ့ဝင် ကိုကျော်သူရအောင် က EPN ကို ပြောသည်။

ထို့ပြင် ကျောက်ဝိုင်းသို့ အရောင်း၊ အဝယ်ပြုလုပ်သူများ လာရောက်ပါက နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် လက်ဆေးရမည့် နေရာများအား ထားရှိဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။

အလားတူ ဖားကန့်ကျောက်ဝိုင်းတွင်လည်း ယခုအခါ ကျောက်စိမ်းရောင်း၊ဝယ်မှုများ ပြန်လည် စတင်နေပြီဖြစ်ပြီး၊ ယခုရက်ပိုင်းအတွင်း ကျပ်သိန်းတစ်ရာနီးပါးရှိ ကျောက်များပင် အရောင်း၊ အဝယ် ဖြစ်နေကြောင်း အဆိုပါကျောက်ဝိုင်းတွင် ကျောက် ဝယ်၊ ရောင်း လုပ်သူ ကိုမိုက်ကယ် က ပြောပြသည်။

ဖားကန့် ကျောက်စိမ်းမှော်ဒေသတွင် ဖားကန့်ကျောက်ဝိုင်း၊ ဆိုင်းတောင်ကျောက်ဝိုင်း၊ လုံးခင်း (ည) ကျောက်ဝိုင်းနှင့် ဝှေခါ (ည) ကျောက်ဝိုင်းတို့ ရှိနေရာ၊ အဆိုပါ ကျောက်ဝိုင်းများတွင် မှီတိုင်းလုပ်ကိုင် ရောင်း၊ ဝယ် ပြုလုပ်နေသည့် ရေမဆေး ကျောက်ရှာဖွေသူများ၊ ရောင်း၊ ဝယ် ပြုလုပ်နေသူများစွာ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။