Trending Now

ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခုကို ခွင့်ပြု

Spread the love

ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခုကို ခွင့်ပြု

EPN
နေပြည်တော်၊ အောက်တိုဘာ ၃ (၂၀၂၃)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ၆ ခုကိုခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများသည် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာ ၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ကျင်းပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခုကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၉၈ သန်းနှင့် ငွေကျပ် ၃၁၄,၇၃၉ ဒသမ ၁၄၁ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။