Trending Now

ရမ်ပူရပ်ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာသည့်အတွက် ရပ်ကွက်နေပြည်သူများ စုပေါင်းဖမ်းဆီး၍ ကြိမ်ဒဏ်ပေးခြင်း ၊ရဲလက်အပ်ခြင်းများ ဆောင်ရွက်နေ

Spread the love

ရမ်ပူရပ်ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာသည့်အတွက် ရပ်ကွက်နေပြည်သူများ စုပေါင်းဖမ်းဆီး၍ ကြိမ်ဒဏ်ပေးခြင်း ၊ရဲလက်အပ်ခြင်းများ ဆောင်ရွက်နေ

EPN
မြစ်ကြီးနား ၊မတ် ၃၀

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများပြားနေသည့်အတွက် မူးယစ်ဆေးဝါးသုံးစွဲသူများကို ရပ်ကွက်နေပြည်သူများ စုပေါင်းဖမ်းဆီး၍ ကြိမ်ဒဏ်ပေးခြင်း ၊ ရောင်းဝယ်သူများကို ရဲလက်အပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးကင်းစင်နယ်မြေ ဖြစ်မြောက်ရေးအတွက် ရမ်ပူရပ်ကွက်နေ လူငယ်များနှင့် ရပ်ကျေးတာဝန်ခံများ စုပေါင်းကာ နေ့ညမပျက် ပတ္တ‌ရောင်များ လှည့်ပတ် စစ်ဆေးမှုများပြုလုပ်နေပြီး တစ်ရက်လျှင် မူးယစ်ဆေးဝါးသုံးစွဲသူ ၁၀ ဦးမှ ၁၅ ဦးအထိ ဖမ်းဆီးရမိမှုများရှိနေကြောင်း ရပ်ကွက်နေလူငယ်တစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့ လူငယ်တွေစုပေါင်းပြီး သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိသူတွေနဲ့ နယ်မြေရဲစခန်းများကို အကြောင်းကြားစာတင်ပြီး လုပ်တာလည်းဖြစ်တယ် မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုဖမ်းမိရင် ကြိမ်ဒဏ် ငါးချက် ရိုက်တယ် ပစ္စည်းတွေ ဖျက်စီးတယ် နောက်မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းတာတွေလုပ်တယ် မူးယစ်ဆေးဝါးရောင်းတဲ့ လက်ကြီးသမား ဆိုရင်တော့ ရဲလက်အပ်တယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ရမ်ပူရပ်ကွက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ လူသတ်မှု ဖြစ်ပွားခြင်း ၊ ခိုးဆိုးလုယက်ခြင်းများ ယခုနောက်ပိုင်း ပိုမိုဖြစ်ပွားလာသည့်အတွက် တာဝန်ရှိသူများအနေဖြင့် တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်ပေးရန် ရပ်ကွက်နေပြည်သူများက လိုလားနေကြသည်။

” အခုလို လူငယ်တွေအနေနဲ့ ဆေးသမား ပပျောက်ရေးလုပ်တာ ကောင်းပါတယ် အစိုးရအနေနဲ့လည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေ တင်းကြပ်မှုတွေ လုပ်ပေးစေချင်တယ် မူးယစ်‌ဆေးဝါးကြောင့် သေဆုံးမှုတွေ ခိုးဆိုးလုယက်မှုတွေ ခိုက်ရန်ဖြစ်ပွားမှုတွေက ဒီရပ်ကွက်မှာ အရင်ထက်ပိုများလာတယ် ဒါကို တာဝန်ရှိတဲ့ ရဲတွေက ထိထိရောက်လုပ်ဆောင်ပေးသင့်တယ် “ဟု ရမ်ပူရပ်ကွက်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးကင်းစင်နယ်မြေအဖြစ် ဆိုင်းဘုတ်များစိုက်ထူခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု မပြုလုပ်ရန် သတိပေးခြင်းများနှင့် ရပ်ကွက်ပြည်သူများ စုပေါင်းကင်းလှည့်ကာ ဖမ်းဆီးရမိရေးများကို ဆောင်ရွက်နေသည့် ၄ ရက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၅၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး ကြိမ်ဒဏ်ပေး၍ ခံဝန်ထိုးကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။