Trending Now

မြစ်ကြီးနား၌ ညမထွက်ရ အမိန့်ချိုးဖောက်သူ တစ်ရာကျော်အထိ အရေးယူထား

Spread the love

မြစ်ကြီးနား၌ ညမထွက်ရ အမိန့်ချိုးဖောက်သူ တစ်ရာကျော်အထိ အရေးယူထား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းမှာ ဇွန်လကုန်ပိုင်းအထိ ညမထွက်ရဒေသန္တရ အမိန့်ချိုးဖောက်သူ တစ်ရာကျော်အထိ အရေးယူဆောင်ရွက်ထားတယ်လို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် ညမထွက်ရ ဒေသန္တရအမိန့်ကို မြို့နယ် ထွေအုပ်ရုံးက ဧပြီလ(၁၈) ရက်နေ့က ထုတ်ပြန်ထားပြီး ဇွန်လ ကုန်အထိတော့ အဲ့ဒီအမိန့်ချိုးဖောက်တဲ့သူ စုစုပေါင်း (၁၂၁) ဦးအထိရှိပြီလို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှုးမြင့်မိုးက ဆိုပါတယ်။

”ကိုဗစ်၁၉ နဲ့ ပတ်သက်လို့ ညမထွက်ရ အမိန့်ပေါ်မှာ ဖောက်ဖျက်တဲ့ ပြည်သူလူထု စည်းကမ်းမလိုက်နာတဲ့ စုစုပေါင်း တစ်ရာ့ နှစ်ဆယ်ကျော်ကို အရေးယူထားရှိခဲ့ပြီ ဖြစ်ပါတယ်”လို့ ရဲမှူးမြင့်မိုးက ပြောပါတယ်။
အရေးယူထားတဲ့ (၁၂၁)ဦးထဲမှာ အသက်(၁၈)နှစ်အောက် ကလေးသူငယ်(၈)ဦး နဲ့ ဧပြီ ၂၄ရက်နေ့အထိ အရေးယူထားသူ အသက်(၁၈)နှစ်အထက် (၁၉)ဦးအပါအဝင် စုစုပေါင်း (၂၇)ဦး တို့ကို ငွေဒဏ်ငါးသောင်းစီနဲ့ ကျန် (၉၄)ဦးကိုတော့ ထောင်ဒဏ်တစ်လစီ အဖြစ် မြစ်ကြီးနားမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈အရ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ညမထွက်အမိန့် ကျူးလွန်သူအများစုမှာ လူလတ်ပိုင်းအရွယ် အများဆုံးဖြစ်ပြီး အဲ့ဒီအမိန့် ကျူးလွန်သူများဟာလည်း မွေးနေ့ပွဲ၊ မိတ်ဆွေ အပေါင်းအသင်းဆီ အလည်သွားရောက်ခြင်း စသည့်အကြောင်းမဲ့ အပြင်ထွက်သူများသာဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာတော့ မြို့ပေါ်ရပ်ကွက်(၂၈)ရပ်ကွက်ထဲက အများဆုံးကျူးလွန်တဲ့ ရပ်ကွက်မှာ တပ်ကုန်းရပ်ကွက်နဲ့ ရမ်ပူရပ်ကွက်တို့ဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ကျန်းမာရေးနှင့် နာရေး ကိစ္စဆောင်ရွက်သူများမှအပ မည်သူမဆို နေ့စဉ်ည (၁၀)နာရီကနေ မနက် (၄)ရီအထိ နေအိမ်ပြင်ပကို ထွက်ခွာခြင်း၊ စုဝေခြင်း မပြုလုပ်ရန် ဧပြီလ ၁၈ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး ဧပြီ ၃၀ရက်နေ့ နောက်ပိုင်းမှာတော့ အဲ့ဒီအမိန့်ကို နေ့စဉ်ည ၁၂နာရီကနေ မနက် လေးနာရီအထိ ပြောင်းလဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။