Trending Now

ဆယ်ဇင်းကျေးရွာတိုက်ပွဲရှောင် စခန်းများရှိ ထိခိုက်လွယ်အုပ်စုများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ (၅၇)သိန်းကျပ်ထောက်ပံ့ပေးအပ်

Spread the love

ဆယ်ဇင်းကျေးရွာတိုက်ပွဲရှောင် စခန်းများရှိ ထိခိုက်လွယ်အုပ်စုများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ (၅၇)သိန်းကျပ်ထောက်ပံ့ပေးအပ်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတိုက်ပွဲရှောင်စခန်းများရှိ ထိခိုက်လွယ်အုပ်စုများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ (၅၇)သိန်းကျပ်တိတိကို ယနေ့ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၉) နာရီခန့်က မြစ်ကြီးနားမြို့ စုပေါင်းရုံးခန်းမဆောင်၌ ပေးအပ်ခဲ့သည်။

ဆယ်ဇင်းကျေးရွာအနီး တပ်မတော်နှင့် KIA / PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံပြည်သူများထဲမှ ဖားကန့်မြို့တွင်းရှိ တိုက်ပွဲရှောင်နေထိုင်လာရသည်မှာ (၅)လခန့်ကြာမြင့်နေကြပြီဖြစ်ပြီး ယင်းတိုက်ပွဲရှောင်ပြည်သူများထဲမှ ထိခိုက်လွယ် အုပ်စုများအတွက် စားဝတ်နေရေးပြေလည်စေရန်အတွက် ရည်ရွယ်ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီနေ့အခမ်းအနားလေးက ဆယ်ဇင်းကျေးရွာတိုက်ပွဲရှောင်ပြည်သူတွေထဲက ထိခိုက်လွယ်အုပ်စုများဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်၊ မသန်စွမ်း၊ အသက် (၅) နှစ်အောက်ကလေးတွေနဲ့ အသက် (၇၀)နှစ် အထက် သက်ကြီးရွယ်အိုတွေအတွက် စားဝတ်နေရေးပြေလည်စေဖို့ ထောက်ပံ့ငွေပေးတာ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုက်ပေးအပ်တာဖြစ်တယ်၊ တစ်ဦးကို သုံးသောင်းကျပ်နှုန်းလောက် နဲ့ စုစုပေါင်း (၅၇)သိန်းကျပ် တိတိ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်၊” ဟု ၎င်းက ပြောသည်။

အဆိုပါ ဆယ်ဇင်းတိုက်ပွဲရှောင်စခန်းများရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင် (၂၃)ဦး ၊ မသန်းစွမ်း (၉)ဦး၊ အသက်(၅)နှစ်အောက် ကလေးငယ် (၁၄၅)ဦး၊ အသက် (၇၀)နှစ် အထက် သက်ကြီးဘိုးဘွား (၁၃) ဦး စုစုပေါင်း (၁၉၀)ဦးအတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း (၅၇)သိန်းကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဆယ်ဇင်းကျေးရွာအနီးတွင် တိုက်ပွဲများငြိမ်သက်နေပြီဖြစ်သည့်အတွက်ကြောင့် ဒေသခံအများစုမှာ နေရပ်သို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကာ ဖားကန့်မြို့ မမုံကျေးရွာ စာသင်ကျောင်းနှင့် အခြားနေရာများတွင် နေထိုင်နေကြသည့်ဆယ်ဇင်းတိုက်ပွဲရှောင် ပြည်သူ (၂၀၀)ကျော် သာ ရှိတော့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလကလည်း ဆယ်ဇင်းတိုက်ပွဲရှောင်ပြည်သူ လူဦးရေ (၁၅၀၀)ကျော်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကျပ်သိန်း (၁၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။