Trending Now

အလှပြင်ဆိုင်နှင့် SPA ဆိုင်များ ပြန်လည်ဖွင့်ခွင့်ပြုထားခြင်း မရှိသေးဟု မြို့နယ်အုပ်ချုပ်ရေးမှူးဆို

Spread the love

အလှပြင်ဆိုင်နှင့် SPA ဆိုင်များ ပြန်လည်ဖွင့်ခွင့်ပြုထားခြင်း မရှိသေးဟု မြို့နယ်အုပ်ချုပ်ရေးမှူးဆို

EPN
မြစ်ကြီးနား၊ ဇွန် ၁၃

မြစ်ကြီးနားမြို့နယ်အတွင်းက အလှပြင်ဆိုင်နှင့် SPA ဆိုင်များ ပြန်လည် ဖွင့်လှစ်နေသော်လည်း ၎င်းဆိုင်များကို တရားဝင် ခွင့်ပြုထားခြင်း မရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်ထိ မြစ်ကြီးနားမြို့ပေါ်ရှိ အဆိုပါ ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့် မပြုထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူး ဦးသန်းဝင်းက ယခုကဲ့သို့ ဆိုသည်။

“အလှပြင်ဆိုင်နဲ့ SPA ဆိုင်တွေကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Social Distancing တို့၊ နောက်လက်ဆေးတဲ့နေရာကစ Mask တပ်တာတို့ အဆုံး၊ ပြီးရင် အလှပြင်ဆိုင် တွေဆိုရင် ခါတိုင်း လေးခုံထားရင် အခုနှစ်ယောက် လောက်သွင်း ပေ့ါလေ ညီညွှတ်အောင် လုပ်ဆောင်ရမယ် ” ဟု ဦးသန်းဝင်းက ပြောသည်။

အလှပြင်ဆိုင်များနှင့် SPAဆိုင်များ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းများနှင့် ကိုက်ညီမှသာ ဖွင့်ခွင့်ပြုသွားမည်ဖြစ်ပြီး လက်ရှိတွင် မည်သည့်ဆိုင်ကိုမှ ပြန်လည်ဖွင့်လှစ်ခွင့်ကို တရားဝင်ခွင့်ပြုထားခြင်း မရှိသေးကြောင်း ဦးသန်းဝင်းက ထည့်သွင်းပြောဆိုခဲ့သည်။

မြစ်ကြီးနားရှိ အလှပြင်ဆိုင်အချို့အနေဖြင့် ကျန်းမာရေးက ထုတ်ပြန် ထားသည့် အချက်များမှ အချို့အချက်များအား လိုက်နာရန် အတွက် အခက်အခဲ ရှိနေကြောင်း မြို့တွင်း အလှပြင်ဆိုင် ဖွင့်လှစ်ထားသူ အချို့က ဆိုသည်။

“ခမ်းခမ်းနားနားနဲ့ ဖွင့်လှစ်ထားတဲ့ တချို့ဆိုင်ကြီးတွေကတော့ အဲဒီစည်းကမ်းချက်တွေကို လိုက်နာဖို့ အခက်အခဲ မရှိပေမယ့် ပုံမှန်ဆိုင်ခန်းတွေ အတွက်တော့ ခြောက်ပေခွာရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ လက်ဆေးကန်ထားတို့ Mask တပ်ရမယ်တို့ က လိုက်နာဖို့ လွယ်တယ် မလိုက်နာလို့ ပိတ်ရမယ်ဆိုရင် ဆိုင်ခန်းငှားပြီး လုပ်နေရတဲ့သူတွေ အတွက် အဆင်မပြေနိုင်ဘူး ဒီအလုပ်လုပ်မှ ဝင်ငွေက ရှိမှာလေ” ဟု မြို့ပေါ် အလှပြင်ဆိုင် ဖွင့်လှစ်သူ တစ်ဦးက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ အလှပြင်ဆိုင်နှင့် SPA ဆိုင်များအနေနှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်များ အား လိုက်နာရန် အခက်အခဲ ရှိကြောင်း တင်ပြလာပါက ပြည်နယ် Covid-19 ထိန်းချုပ်ကာကွယ်ရေး သို့ တင်ပြကာ ခွင့်ပြု၊ မပြု ညှိနှိုင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။