Trending Now

အိန္ဒိယတိုင်းရင်းဆေး ဆေးဖက်ဝင် အပင်စာအုပ်များ၊ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတို့နှင့် ပတ်သက်သော စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

Spread the love

အိန္ဒိယတိုင်းရင်းဆေး ဆေးဖက်ဝင် အပင်စာအုပ်များ၊ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတို့နှင့် ပတ်သက်သော စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

EPN
နေပြည်တော်၊ အောက်တိုဘာ ၂၅ (၂၀၂၃)

အိန္ဒိယတိုင်းရင်းဆေး ဆေးဖက်ဝင်အပင် စာအုပ်များ၊ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတို့နှင့် ပတ်သက်သော စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို အောက်တိုဘာ၂၂ ရက်နေ၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ မန္တလေးတိုင်းရင်းဆေး တက္ကသိုလ်စာကြည့်တိုက်သို့ အိန္ဒိယတိုင်းရင်းဆေးဖက်ဝင်ပင်စာအုပ် ၆၅ အုပ်အပါအဝင် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတို့နှင့်ပတ်သက်သော စာအုပ်ပေါင်း ၂၀၀ ခန့်အား လှူဒါန်းခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Vinay Kumar ၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အိန္ဒိယနိုင်ငံသံရုံး သံအမတ်ကြီး Mr. Vinay Kumar က စာအုပ်များ လှူဒါန်းသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြား၍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တိုင်းရင်းဆေးကဏ္ဍအပါအဝင် ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် မှုအခွင့်အလမ်း များကို ဆွေးနွေးပြောကြားပြီး ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအကြား အာယုဗေဒနှင့် တိုင်းရင်းဆေးဝါးဆိုင်ရာ ပူးပေါင်းမှုအပြင် နှစ်နိုင်ငံအကြားယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ပိုမိုသိနားလည်မှုကို တိုးမြှင့်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ တိုင်းရင်းဆေးဝါးဆိုင်ရာ စာအုပ်များလှူဒါန်းမှုသည် မြန်မာနိုင်ငံ၏တိုင်းရင်း ဆေးဝါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် တိုင်းရင်းဆေးပညာကဏ္ဍတွင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ တိုင်းရင်းဆေးပညာ အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လှူဒါန်းပစ္စည်းများကို အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီးအား လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ကာ အမှတ်တရဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကင်ဆာဓာတ်ရောင်ခြည်စက်သစ် (Linear Accelerator, Elekta)ဖြင့် ကုသမှုပေးနေခြင်းကို ကြည့်ရှုခဲ့ပြီး လူနာများကို အာဟာရစားစရာများ ထောက်ပံ့ပေးခဲ့ရာ ဓာတ်ရောင်ခြည် ဌာနရှိ တာဝန်ခံအထူးကုဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင် ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်ချက် များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ထောက်ပံ့ချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ရောင်ခြည်စက်အသစ်ကြီးကို အောက်တိုဘာလဆန်း၌ တပ်ဆင်ပြီးစီးခဲ့ကာ အောက်တိုဘာ ၆ ရက်နေ့မှစတင်၍ လူနာများ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနိုင်ရေး စောင့်ဆိုင်းနေရသည့်ကာလ လျော့နည်းစေရန် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကျွမ်းကျင်ဝန်ထမ်းများက ရုံးဖွင့်ရက်များအပြင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ပါ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုများ တိုးချဲ့ဆောင်ရွက်ပေးကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။