Trending Now

ဖားကန့်မြို့နယ်တွင် ကျောက်တုံးဖြင့် ထုသတ်ခံထားသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

Spread the love

ဖားကန့်မြို့နယ်တွင် ကျောက်တုံးဖြင့် ထုသတ်ခံထားသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

EPN

မြစ်ကြီးနား၊ မေ ၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စပေါ့ကျေးရွာအနီး ယမန်နေ့ မေလ ၂၅ ရက်နေ့ နံနက်ပိုင်းခန့်က ကျောက်တုံးဖြင့် ထုသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအမျိုးသား၏ ရုပ်အလောင်းကို စပေါ့ – မမုံကျေးရွာကူးတံတားအနီးတွင် တွေ့ရှိခဲ့ပြီး တိပ်များဖြင့်ပတ်ကာ ဓားဖြင့်လှီးထားသည့် ပြတ်ရှဒဏ်ရာများ၊ ထုရိုက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိခဲ့ရကြောင်းအနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က မနက်ပိုင်းလောက်မှာ အလောင်းကို တွေ့တာ၊ အလောင်းမှာလဲ တိပ်တွေနဲ့ ပတ်ထားတယ်၊ ဓားနဲ့လဲ မွှန်းထားတဲ့ဒဏ်ရာတွေ တွေ့ရတယ်၊ ခန့်မှန်းရဆိုရင် ကျောက်ခဲနဲ့ ထုရိုက်ဒဏ်ရာကြောင့်ပဲ သေတာလို့ သုံးသပ်မိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ တာဝန်ရှိသူများက ရုပ်အလောင်းကို ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီးဖြစ်ကာ အမှုမှန်ပေါ်ပေါက်ရေး ဆက်လက် စုံစမ်းလျှက်ရှိကြောင်း သိရသည်။

ယင်းသေဆုံးသူမှာ ဆွတ်အောင်ကျေးရွာနေ အသက် ၅၂ နှစ်ခန့်အရွယ်ရှိသည့် ဦးနိုင်ဝင်းဆိုသူ ဖြစ်ကြောင်း သိရသည်။

အလားတူ မေလ ၁၃ ရက်နေ့ကလည်း အောင်ရာ ကျေးရွာအနီး အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကျောက်တုံးဖြင့် ထုသတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။