Trending Now

တာလီဘန်တွေက အမျိုးသမီးတွေ အဝတ်အစားကို တင်းကျပ်စွာ ကန့်သတ်

Spread the love

တာလီဘန်တွေက အမျိုးသမီးတွေ အဝတ်အစားကို တင်းကျပ်စွာ ကန့်သတ်

EPN
နိုင်ငံတကာ၊ မေ ၉

အမျိုးသမီးတွေအပေါ် တာလီဘန်တွေက ကန့်သတ်ချက် တင်းကျပ်လိုက်ပြီး ဘာဝတ်သင့်သလဲဆိုတာကို အသေးစိတ် သတ်မှတ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

အာဖဂန်နစ္စတန်ကို အုပ်ချုပ်တဲ့ တာလီဘန်တွေက အမျိုးသမီးတွေအနေနဲ့ အများပြည်သူ ရှေ့မှောက်မှာ မျက်လုံးကလွဲရင် မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားရမယ်လို့ ကြေညာလိုက်ပြီး ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့ ဘာတွေ ဝတ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ် သတ်မှတ်လိုက်ပါတယ်။

တာလီဘန်ရဲ့ အကျင့်သီလကောင်းမွန်မှုပညာပေးရေး နဲ့ မကောင်းမှု တားဆီးရေးဆိုင်ရာ ဝန်ကြီးဌာနက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ပေါ်နိုင်လောက်အောင် အလင်းဖောက်တဲ့ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းကို ပေါ်လွင်စေတဲ့ အဝတ်အစားတွေကို အသုံးမပြုသင့်ကြောင်း ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ အထူးလိုအပ်မှသာ အပြင်ထွက်သင့်တယ်လို့လည်း ထည့်သွင်းပြော ဆိုထားပြီး အမျိုးသမီးတွေက ဒီကန့်သတ်ချက်အသစ်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် သူတို့ရဲ့ အမျိုးသား ဆွေမျိုးသားချင်းတွေကို ဒဏ်ခတ်မှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ဆွေမျိုးသားချင်း အမျိုးသားတွေကို ဆင့်ခေါ်ကာ ၃ ရက်တာ ထိန်းသိမ်းခံရမှာ ဖြစ်ပြီး တကယ်လို့ အဲဒီအမျိုးသမီးတွေက အစိုးရအေဂျင်စီတွေမှာ အလုပ်လုပ်နေတယ်ဆိုရင် အလုပ်ထုတ်ခံရမှာ ဖြစ်ပါတယ်။

တာလီဘန်ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အာဏာ ပြန်လည်ရယူခဲ့ပြီးနောက် အမျိုးသမီးတွေရဲ့ အခွင့်အရေးအပေါ် ကန့်သတ်ချက်တွေ တိုးမြှင့်သတ်မှတ်လာခဲ့တာပါ။

အဲ့ဒီထုတ်ပြန်ချက်အပေါ် အာဖဂန်နစ္စတန်က ကုလသမဂ္ဂ ထောက်ပံ့ကူညီမှုအဖွဲ့ (UNAMA) ကစိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပါအဝင် အာဖဂန်ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေး လေးစားကာကွယ်မှုနဲ့ ပတ်သက်တဲ့ အာမခံချက်တွေကို ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

တာလီဘန်ရဲ့ အဲဒီဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဆက်ဆံမှု ပိုပြီး ယိုယွင်းသွားစေနိုင်ဖွယ် ရှိတယ်လို့ လည်း ကုလသမဂ္ဂက ဆိုပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။