Trending Now

ဒုစရိုက်မှုကို တွန်းပို့နေသော အကြောင်းတရားများ

Spread the love

ဒုစရိုက်မှုကို တွန်းပို့နေသော အကြောင်းတရားများ

EPN
အယ်ဒီတာအာဘော်၊ ၂၀၂၂ ခုနှစ်၊ မတ် ၂၇

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် မတ်လ ၂၄ ရက်နေ့က သံတိုသံစ လိုက်ဝယ်သည့် အမျိုးသမီးတစ်ဦးကို ဓားပြတိုက်၍ ဓားဖြင့် ထိုးမှုကြောင့် သေဆုံးသည့်သတင်းမှ ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများ သုံးသပ်မှုများ တော်တော်လေးမြင့်တက်လာခဲ့သည်။

ပြစ်မှုကျူးလွန်သည့် တရားခံကို ဖမ်းဆီးရရှိမှု မရှိသေးသော်လည်း ဆေးသမား ဆေးဖိုးမရှိလို့ လုပ်တာ ဖြစ်နိုင်တယ် ဟု သုံးသပ်ကြသူများရှိသလို နစက အစိုးရလက်ထက်တွင် လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ ပိုပြီးမြင့်တက်လာတယ်ဟု ဝေဖန်ကြသူများလည်းရှိသည်။ ယင်းအပြင် အလုပ်ကမရှိကုန်ဈေးနှုန်းတွေက တအားတက်နေတော့ လူတွေလည်းငတ်ပြီး ကြံမိကြံရာ လုပ်ကုန်ကြပြီ ဟု ပြောဆိုမှုများလည်းရှိလာကြသည်။

မည်သို့ပင်ဆိုစေကာမူ အခြေအနေကို ပြန်သုံးသပ်ကြည့်ပါက မြစ်ကြီးနားမြို့အတွင်း ကိုဗစ်နိုင်တင်း ကျန်းမာရေး အခြေအနေများနှင့် နိုင်ငံရေးအခြေအနေများကြောင့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး အားနည်လာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုအချက်ကို ဒုစရိုက်လုပ်လိုသူများက အခွင့်အရေး တစ်ခု သဖွယ် အသုံးချလာကြသည်။ အဖျက်အမှောင့် လုပ်းငန်းများ အားကောင်းလာသည်ကို ကြည့်ပါကလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။

နောက်တစ်ချက်မှာ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေးဖမ်းမိသည့် သတင်းများ မီဒီယာများပေါ်တွင် အများအပြား တွေ့လာရသည်။ မူးယစ်ဆေးကို လွယ်လွယ်ဝယ်၍ ရနေသည့်အတွက် မူးယစ်ဆေးသုံးစွဲသူ လူငယ်များ ပိုမိုများပြားလာကြောင်းကိုလည်း မီဒီယာများ၏ ဖော်ပြချက်အရ တွေ့မြင် နေရသည်။ အလုပ်အကိုင်ရှားပါး ဝင်ငွေခက်ခဲသည့် ယခုလိုအချိန်ကာလမျိုးတွင် မူးယစ်သားကောင် ဖြစ်နေသည့် လူငယ်များအတွက် ထွက်ပေါက်လမ်းမှာ ဒုစရိုက်လုပ်ငန်း တစ်ခုသာရှိတော့သည်။ ထို အခြေအနေမျိုးများက ယခုဖြစ်စဉ်မျိုးဖြစ်ပွားရန် တွန်းပို့နေသည်ဟု ရှုမြင်ရပါသည်။

ထို့အပြင် ယခုရက်ပိုင်းဆီးဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် ကုန်ဈေးနှုန်းများလည်း မြင့်တက် လာရာ အလုပ်အကိုင်ကမရှိ၊ဝင်ငွေကနည်း မိသားစုစားဝတ်နေရေးအတွက် ကြံမိကြံရာ လုပ်မိတော့ ဒုစရိုက်ကို မလုပ်ချင်သော်လည်း အခြေအနေနှင့် အချိန်အခါက လုပ်ဆောင်ရန် တွန်းပို့နေသည်ဟုလည်း ရှု့မြင်မိပါသည်။

ယခုကဲ့သို့ ဖြစ်စဉ်မျိုးကြောင့် သမာအာဇီဝ ရှာဖွေစားသောက်နေရသော ပြည်သူများ ကျီးလန့်စာစား နေရသည့် ဘဝသို့ရောက်ရှိလာရသည်။ လုံခြုံမှု ကိုမခံစားရတော့ပေ။ လက်ရှိတာဝန်ယူနေသည့် အစိုးရအနေဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို မျက်ကွယ်မပြုသင့်ပေ။

ယင်းအခြေအနေမျိုးကို တွန်းပို့နေသော အခြေခံအကြောင်းတရားများကို စီမံချက်ချ၍သော်လည်းကောင်း၊ တာဝန်ရှိသူများနှင့်အဖွဲ့အစည်းများ စုပေါင်းကာ ဆွေးနွေးတိုင်ပင်၍ ဖြစ်ပွားနိုင်သည့် ကိစ္စရပ်များအပေါ် ကြိုတင်ကာကွယ်မှုများကို စီစဉ်ရေးဆွဲ၍သော်လည်းကောင်း ဂရုစိုက် ဆောင်ရွက်သင့်ကြောင်း အကြံပြုရေးသား ဖော်ပြလိုက်ရပါသည်။

အယ်ဒီတာအာဘော်
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။