Trending Now

သဘာဝ သယံဇာတ တူးဖော်မှုများနှင့် မိုးကုတ်ရေအားလျှပ်စစ်အကြောင်း တစေ့တစောင်း

Spread the love

သဘာဝ သယံဇာတ တူးဖော်မှုများနှင့် မိုးကုတ်ရေအားလျှပ်စစ်အကြောင်း တစေ့တစောင်း

EPN
သတင်းဆောင်းပါး၊ နိုဝင်ဘာ ၁၈

သဘာဝအရင်းအမြစ် ပေါကြွယ်ဝတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန်ဖြည့်မြဲစွမ်းအင် တစ်ခုဖြစ်တဲ့ ရေအားလျှပ်စစ် ထုတ်ယူဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ရေအားလျှပ်စစ် ထုတ်ယူရာမှာ သဘာဝ အလှတရားတွေ မပျက်စီးဖို့၊ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများစေဖို့၊ သဘာဝပတ်ဝန်းကျင်း မထိခိုက်စေဖို့ ဆောင်ရွက်ရမှာ ဖြစ်သလို အခုဆိုရင် သယံဇာတ တူးဖော်တဲ့ လုပ်ငန်းတွေကိုပါ ထည့်တွက်ရမှာ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် အခုနောက်ပိုင်း သယံဇာတ တူးဖော်မှုတွေက ပိုပြီးများပြား လာလို့ပဲ ဖြစ်ပါတယ်။

မိုးကုတ်ဆိုတာက မြန်မာ့လျှပ်စစ်သမိုင်း၊ ရေအားလျှပ်စစ် သမိုင်းမှာ ချန်ထားလို့ မရတဲ့ နေရာ တစ်ခုပါ။ လျှပ်စစ်အကြောင်းပြောရင် မိုးကုတ် အကြောင်းက က အမြဲပါလာတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး ရေအားလျှပ်စစ် စတင် တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကို စတင် သုံးစွဲခဲ့တဲ့ နေရာဖြစ်လို့ပါပဲ။မိုးကုတ်မြို့ ကို ဖြတ်သန်းစီဆင်းနေတဲ့ ရေနီမြောင်းကို အခြေခံပြီး မိုးကုတ်ရေအားလျှပ်စစ်လုပ်ငန်း ကိုဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ရေနီမြောင်းဟာ မိုးကုတ်မြို့ရဲ့ အရှေ့ဘက်၊ အရှေ့မြောက်ဘက်မှာ ရှိတဲ့ တောင်ကုန်း တောင်တန်းတွေပါ် ကနေ စတင်စီးဆင်လာတဲ့ ချောင်းငယ်၊မြောင်းငယ်တွေ စုစည်းပြီး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

မိုးကုတ်ဒေသဟာ ပတ္တမြားနဲ့ နီလာက စပြီး အဖိုးတန် ကျောက်မျက်ရတနာတွေ ထွက်ရှိရာဒေသဖြစ်လို့ ကျောက်မျက်ရတနာ တူးဖော်မှုတွေကို လူအများက အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းအဖြစ် လုပ်ဆောင်နေကြတဲ့ အရပ်ဖြစ်ပါတယ်။ မိုးကုတ်မြို့ရဲ့စီးပွားရေးဆိုရင်လဲ့မမှားပါဘူး။ မြေကိုတူးပြီး ကျောက်မျက်ကို ရှာဖွေကြရပါတယ်။ ဒီတူးဖော်ရာက ထွက်လာတဲ့ မြေမှုန်တွေ အားလုံးဟာ အဆင့်ဆင့် ဒီရေနီမြောင်းထဲကိုရောက်ပြီး ချောင်းရေနဲ့ အနီ စီးဆင်းသွားပါတယ်။ မြေမှုန်တွေ ပျော်ဝင်မျောပါနေတဲ့ ချောင်းရေဟာ မြေနီတွေကြောင့် အမြဲနီနေလို့ လဲ ရေနီမြောင်းလို့ခေါ်ဆိုကြတာပါ။ ကျောက်မျက်တူးဖော်မှု လုပ်ငန်းမှာ လုပ်ဆောင်နေသူများလာလေ ရေနီမြောင်းရေ ပိုနီလာလေပဲ ဖြစ်ပါတယ်။ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့အတွက် ရေအရင်းအမြစ်လဲ ဒီရေနီမြောင်းပဲ ရှိတော့ ဒီမြောင်းကပဲ ရေအားလျှပ်စစ်ထုတ်ယူရေးကို လုပ်ဆောင်ကြရတာဖြစ်ပါတယ်။

Burma Ruby Mine Company ဟာ ကျောက်တွင်းတွေမှာ လျှပ်စစ်ဓာတ် အသုံးပြုနိုင်ဖို့ ရေအားလျှပ်စစ် စက်ရုံကို ဒီရေနီမြောင်းပေါ်မှာ တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေအားလျှပ်စစ်စက်ရုံ ပဲ ဖြစ်ပါတယ်။ တည်ဆောက်ထားပုံ ကတော့ မိုးကုတ်မြို့ ရဲ တောင်ဘက် ကျောက်ထပ်ကြီးနေရာမှာ ရေနီမြောင်းကို ဖြတ်ပြီးရေလွှဲဆည်တစ်ခု ကို တည်ဆောက်ပါတယ်။ အဲ့ဒီနေရာဟာ လက်ရှိရေလွှဲဆည် တည်ရှိရာ နေရာပဲ ဖြစ်ပါတယ်။ ဒီရေလွှဲဆည်ကနေ ရေနီမြောင်းရေကို ရေယူဥမင်လိုက်နှစ်ခု တူးယူပြီး အတွင်းဘက်မှာ ကြက်ဥပုံ ရေသွယ်မြောင်းနှစ်ခုနဲ့ ရေကို သွယ်ယူပါတယ်။ ပြီးတော့မှ ရေသွယ်ဥမင်လိုဏ် အထွက်ကနေ ဖိအားမြင့်ပိုက်လိုင်း (Penstock) ကို တပ်ဆင်ပြီး စက်ရုံ အတွင်းက ကီလိုဝပ် (၄၀၀) ရှိတဲ့ ဓာတ်အားပေးစက် တွေ ကို လည်ပတ်စေပြီးဓာတ်အားထုတ်လုပ်တာ ဖြစ်ပါတယ်။ စက်ရုံ တည်ဆောက်မှု ကို ၁၈၉၅ ခုနှစ်မှာ စတင်ခဲ့ကာ ၁၈၉၈ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ဓာတ်အားပေးနိုင်ခဲ့ပါတယ်။

ပထမ ဓာတ်အားပေးစက် က ဓာတ်အားထုတ်လုပ်နိုင်ပြီးတဲ့နောက်မှာ ဒုတိယ စက်ကို ဆက်ပြီး တပ်ဆင် ခဲ့ပါတယ်။ ဒုတိယစက်ကတော့ ၁၉၀၀ ပြည်နှစ် ဧပြီလ(၇) ရက်နေ့မှာ ပြီးစီးလို့ ဓာတ်အား ထုတ်လုပ်နိုင်ခဲ့ပါတယ်။ စက်ရုံ က ထုတ်လုပ်နိုင်မှု ကတော့ စုစုပေါင်း ၄၆၀ ကီလိုဝပ် ဖြစ်ပါတယ်။ပတ္တမြား ကျောက်တွင်းကုမ္ပဏီ ဟာ ၁၉၃၁ ခုနှစ် ၊ဇွန်လ(၃၁) နေ့၊ ကုမ္ပဏီ ဖျက်သိမ်းတဲ့ အချိန်ထိ ဒီရေအားလျှပ်စစ်စက်ရုံ က နေ လျှပ်စစ်ဓာတ်အားများ ထုတ်ယူ သုံးစွဲ ခဲ့ပါတယ်။

ကုမ္ပဏီ ဖျက်သိမ်းပြီး နောက်မှာ မိုးကုတ် ရေအားလျှပ်စစ်စ်ရုံ ကို ကုမ္ပဏီ က အရာရှိဟောင်းမစ္စတာ ဝပ်ကင်း ၊ အင်ဂျင်နီယာချုပ် မစ္စတာမော်ဂင် နဲ့ စက်ရုံမှုး မစ္စတာ နီကယ် တို့က စက်ရုံ ကို (၃) ဦးပေါင်းဝယ်ယူခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေးကို ဆက်လက် လုပ်ကိုင်ခဲ့ကြပါတယ်။၁၉၆၄ ခုနှစ်မှာတော့ မစ္စတာ နီကယ် ကနေ စက်ရုံကို မြန်မာနိုင်ငံ အစိုးရကို လှူဒါန်းခဲ့ပါတယ်။ ထိုအချိန်မှာ စက်ရုံသက်တမ်း (၆၄) နှစ်လောက်ရှိနေပါ ပြီ။ ဟောင်းအို နေတဲ့ စက်တွေ လဲ ချို့ယွင်းစ ဖြစ်နေပါပြီ။ စက်တွေ ကို အကြီးစားပြင်ဆင်မှ ရတော့မှာဖြစ်ပါတယ်။ စက်တွေကို အကြီးစား ပြင်ဆင်ရမယ် ဆိုရင် ကုန်ကျစရိတ် များပြားတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံ ပြင်ဆင်ခြင်းကို မလုပ်တော့ပဲ ဒီဇယ်အင်ဂျင်စက်တွေ နဲ့ပဲပြောင်းပြီး လျှပ်စစ်ထုတ်လုပ် ဖြန်ဖြူးရေးကို လုပ်ခဲ့ပါတော့တယ်။
မူလမိုးကုတ် ရေအားလျှပ်စစ်စက်ရုံ လဲ ထိုအချိန်က စပြီး စောင့်ရှောက်သူမဲ့ ဘဝ ကို ရောက်ရှိခဲ့ရပါတယ်။ စက်ရုံအနီးအနားကို လဲ ကျောက်မျက် ခိုးတူးသူတွေ ရောက် လာကြပါတယ်။ ဖြုတ်ယူလို့ရမယ့် ပစ္စည်းတွေကို ဖြုတ်ယူကြမယ့်သူတွေလဲ ရောက်လာပါတယ်။ကျောက်ခိုးတူးသူတွေကြောင့် ဆွစ်ယာဒ် လုံးဝ ပျက်စီး ပျောက်ကွယ်သွားရသလို ဖိအားမြင့် ပိုက်လိုင်းဟာလဲ လူတစ်စု ရဲ့ ခိုးဖြုတ်ယူမှုကို ခံရပြီး စောင့်ရှောက်သူမဲ့ မိုးကုတ် ရေအားလျှပ်စစ်စက်ရုံဟာ ၁၉၆၇-၆၈ လောက်မှာ လုံးဝပျက်စီးသွားရတဲ့ အခြေအနေ ထိ ဖြစ်သွားပါတော့တယ်။

အကယ်၍ ဒီစက်ရုံ ကို သာ ထိုအချိန်က ထိန်းသိမ်း ထားနိုင်ခဲ့ရင် ဒီနေ့ အချိန် မှာ ပြတိုက်တစ်ခု လို လေ့လာ စရာနေရာ တစ်ခု ပဲ ဖြစ်နေ မလား၊ စက်တွေ အသစ်လဲပြီး လည်ပတ် ဓာတ်အားပေးနေတဲ့ စက်ရုံ အဖြစ်နဲ့ပဲ တွေ့ နေ ရမှာလား တစ်ခုခုတော့ ဖြစ်နေမှာပါ၊ ခုတော့ နှမျောစရာ ဆုံးရှုံးမှု တစ်ခု အဖြစ်သာ မူလ မိုးကုတ်ရေအား လျှပ်စစ် စက်ရုံ ဇာတ်သိမ်းခဲ့ရပါတယ်။

နောက်ကျမှပြီးတဲ့ စီမံကိန်းများထဲမှာ မိုးကုတ် ရေအားလျပ်စစ် စက်ရုံသစ် စီမံကိန်းလဲ ပါဝင်ခဲ့ပါတယ်။ ဒါတောင် လျှပ်စစ်မီး အလွန်ရလိုလှ တဲ့ မိုးကုတ်မြို့ကပြည်သူတွေကပါ ဝိုင်းဝန်း ကြိုးပန်းပေးလို့သာ စီမံကိန်းပြီးစီးမှု ပိုပြီးနောက်ကျမယ့် အခြေအနေက ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမှန် တော့ရေအားလျှပ်စစ် စီမံကိန်း များဟာ တစ်နေ့စော ပြီးရင် တစ်နေ့ စောပြီး အကျိုး ရှိပါတယ်။ နောက်ကျမှ ပြီးစီးလေ ရင်းနှီးကုန်ကျစရိတ်များလေ တွက်ချေမကိုက်လေပါ။ လက်ရှိ စီမံကိန်းများထဲမှာလဲ တစ်ချို့သော စီမံကိန်းတွေဟာ လုပ်ငန်းရှင်တွေ ရဲ့ BOT , BOO စီမံကိန်းတွေ နဲ့ အပြိုင် စတင်ခဲ့ကြတာပါ။ ဒါပေမယ့် ယနေ့တိုင် မပြီးနိုင်သေးပဲ လုပ်နေကြရဆဲပါ။ ဒီစီမံကိန်းတွေ နောက်ထပ် အနည်းဆုံ (၃) နှစ်ကနေ (၅)နှစ်လောက်တော့ လုပ်ရဦးမှာ ဖြစ်ပါတယ်။ ပံ့ပိုးမှုတွေ လျော့သွားရင်တော့ ဒါထက်တောင် နောက်ကကျသွားနိုင် ပါတယ်။

စက်ရုံသစ်ကို ၁၉၈၉ ခုနှစ်မှာ မိုးကုတ်ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးသွားလို့ မိုးကုတ် မြို့ မှာ လျှပ်စစ်မီး သုံးစွဲမှု အခြေအနေ ထိုက်သင့်သဘောက် ကောင်းမွန် ခဲ့ပါတယ်။ အသေးစားရေအားလျှပ်စစ်မှာ ဒုက္ခပေးတတ်တာကတော့ ချောင်းရေမှာပါတဲ့ အနည်အနှစ်တွေပါပဲ။ တာဘိုင်တွေကို ဒုက္ခပေးသလို Cooling System တွေကို ဒုက္ခပေးတတ်ပါတယ်။ အသေးစား စီမံကိန်းတော်တော် များများမှာ ဒီလိုပဲ ဖြစ်တတ်ကြပါတယ်။ နောက်အခက်အခက်အခဲ တစ်ခုက မိုးရာသီမှာ စက်လည်ဖို့ ရေ လုံလောက်ပေမယ်လို့ နွေရာသီမှာ ရေမလုံမလောက်မှု ဖြစ်တတ်တာပါပဲ။ ဒီအခါမှာ ဓာတ်အားပေးတာကို အကန့်အသတ်နဲ့ပဲ လုပ်ရတတ်ပါတယ်။ မိုးကုတ်မှာလဲ ဒီလို အခက်အခဲ တွေခဲ့မှာပါ။ ရေနီမြောင်းက ကျောက်မျက်တူးတဲ့ နေရာတွေကို ဖြတ်ပြီး စီတဲ့ချောင်း၊ အနည်အနှစ်တွေကြောင့် ရေတောင် နီနေတဲ့ချောင်း၊ ဒီလို ချောင်မျိုးက ရေအားလျှပ်စစ်စက်တွေ ကို အလုပ်ပိုစေ တာကတော့အမှန်ပါပဲ။

၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ မှာ တော့ စဉ့်ကူမြို့နယ်က လက်ပန်လှ ဓာတ်အားခွဲရုံ တည်ဆောက် ပြီးစီးပါတယ်။ ဒီခွဲရုံ ပြီးစီးခဲ့လို့ လက်ပန်လှကနေ မိုးကုတ်ကို 33kV ဓာတ်အားလိုင်းက Power ရောက်လာပါတယ်။ ဒီဓာတ်အားလိုင်းကြောင့် မိုးကုတ်က နိုင်ငံတော် ဓာတ်အားစနစ်က လျှပ်စစ်မီး ရောက်လာပြီး လျှပ်စစ်သုံးစွဲ မှု အခြေအနေ ပိုကောင်းလာစေ ခဲ့ပါတယ်။ ရေအားလျှပ်စစ် စက်ရုံကရတဲ့ လျှပ်စစ်မီးကတော့ အရန်ဖြစ်သွားပါတယ်။ မြို့ပေါ်မှာ စက်ရုံထက် ဓာတ်အားခွဲရုံက ပိုပြီး အရေးပါလာပါတယ်။ ဒါက ဖြစ်နေကြပါ။ မြို့တွေမှာ ဓာတ်အားလိုင်းက Power ရောက်လာရင် အသေးစား စက်ရုံတွေကို ဂရုစိုက်မှု လျော့သွားတတ်ကြပါတယ်။ ချို့ယွင်းမှု ရှိလာရင်လဲ ဦးစားပေး ပြင်ဆင်တဲ့ အဆင့်မှာ မရှိနိုင်တော့ပါဘူး။ ပြင်ဆင်မှုတွေလဲ မလုပ်နိုင်တော့ ရေနီချောင်း ရေထဲမှာပါလာတဲ့ သဲ၊နုန်း အနည်အနှစ်တွေကလဲ စက်ရုံရဲ့ တာဘိုင်စက်တွေကို အနှောက်အယှက်ဖြစ်စေပါတယ်။ စက်တွေလဲ တဖြည်းဖြည်း ချို့ယွင်းမှုတွေ များလာပြီး နောက်ဆုံးမှာ ရပ်ထားကြရပါတယ်။ ဓာတ်အားလိုင်းက Power ကိုပဲ မီအားပြည့်ပြည့် မပြည့်ပြည့် အားကိုးပြီး သုံးကြပါတယ်။

၂၀၁၄ ခုနှစ်မှာတော့စက်ရုံ ကို စံပြည့်လျှံ (အများနဲ သက်ဆိုင်သော ကုမ္ပဏီ) က လွှဲပြောင်းရယူပြီ ဓာတ်အားထုတ်လုပ်ရေးကို လုပ်ပါတယ်။ အစပိုင်းမှာ ဓာတ်အားပေးစက်တွေကို ပြင်ဆင်မှုတွေလုပ်ပြီး နောက်မှဘဲ ဓာတ်အားပေးနိုင်ပါတယ်။ စက်တွေက အကောင်းကြီးတော့ မဟုတ်နိုင်တော့ပါဘူး။စက်တွေက အိုနေပြီဖြစ်လို့ ပြုပြင်ထိန်းသိမ်းမှု တွေကို လုပ်ရင်းနဲ့ ဓာတ်အားထုတ်လုပ်ပေးရတယ်လို့ သိရပါတယ်။ Penstock အဝင် Butter fly valve တွေလဲ သိပ်မကောင်းတော့ပါဘူး။ တာဘိုင်အဝင်က Butter fly valve တွေ လဲ မကောင်းတော့၊ ဒီ Valve တွေ ကို Chain block တွေ နဲ့ ထိန်းပြီး စက်က မီးထွက်အောင် လုပ်နေကြရပါတယ်။ စက် ကို Maunal နဲ့ပဲ ထိန်းရပါတော့တယ်။ စက်နှစ်လုံးကို Sycro လဲ လုပ်မရတော့ (အစ ကတည်းက မရဘူးလို့သိရပါတယ်)။ စက် (၂) စုံမှာလဲ တစ်စုံ ကပဲ ကောင်းကောင်းကန်းကန်း မီးပေးနိုင်ပါတော့ တယ်။ ရေအားစက်ရုံက မြို့စွန်က ရပ်ကွက်နှင့် ရွာတွေကိုပဲ မီးပေးတော့တယ် လို့ စက်ရုံမန်နေဂျာ က ပြောပြပါတယ်။ စက်ရုံ က ဝန်ထမ်းတွေ လိုင်း Fault မဖြစ်ပ်စေနဲ့ လို့ပဲ ဆုတောင်းပြီး လုပ်နေကြရတယ်။ Line Fault ဖြစ်ရင် အလုပ်ရှုပ်သွားတတ်ကြလို့ပါ။ ရာသီဥတုက အမြဲ အစိုဓာတ်ရှိနေတဲ့ ဒေသဖြစ်လို အပင်တွေက အကြီးမြန်ကြတယ်။ ဓာတ်အားလိုင်းအောက်က အပင်တွေက ပိုပြီး ဖြစ်ထွန်းတတ်ကြတော့ အပင်တွေ ရှင်းရတာ ကလဲ အလုပ်တစ်ခု အဖြစ်လုပ်နေကြရတယ် လို့ သိရပါတယ်။

မိုးကုတ်မြို့မှာလဲ ဒီနေ့အခါမှာတော့ 33kv လိုင်းကသာ မဟုတ်တော့၊ 66 KV ဓာတ်အားခွဲရုံ နဲ့ လျှပ်စစ် မီးသုံးစွဲတဲ့ မြို့ဖြစ်သွားပြီ ဖြစ်ပါပြီ။ လျှပ်စစ်သုံးစွဲ ရရှိမှု အလွန်ကောင်းမွန် သွားပါပြီ။ အရင်33kV လိုင်းနဲ့ သုံးစွဲရတုန်းကလို မီးအားနည်းတာ မျိုးမဖြစ်တော့။ မြို့တည် နှစ်(၈၀၀) ပြည့် ပွဲတော်ကို လျှပ်စစ်မီး ကောင်းကောင်းနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။

မကောင်းသေးတာကတော့ မိုးကုတ်မှာ မိုးတွင်း ရေကြီးတတ်ခြင်းပါပဲ။ မိုးကြီးကြီးရွာလို့ ရေကြီးရင် မိုးကုတ် ရေအားလျှပ်စစ် ရေလွှဲဆည်ကို မျက်စောင်း ထိုးလာကြပါတယ်။ သူတို့ တရားခံ အစစ်ကို မမြင်နိုင်ကြတော့ ပါဘူး။ တကယ်တော့ မိုးကုတ်ရေအားလျှပ်စစ် စက်ရုံ ရေလွှဲဆည်က တရားခံ မဟုတ်ပါ။ ရေလွှဲဆည် က မိုးကုတ်မြို့ထက် ပိုနိမ့်တဲ့ နေရာမှာ ရှိနေတာပါ။ တည်ဆောက်စဉ် ကတည်းက ဒါကို သတိထားပြီး လုပ်ခဲ့ကြတာပါ။ အနည်းဆုံး (၁၃) ပေလောက် ပိုနိမ့်တယ်လို့ သိရပါတယ်။ ရေနီမြောင်းဟာ အရင်က ရေနီမြောင်းမဟုတ်တော့ပါဘူး။ အိမ်၊ ခြံ၊ မြေ တွေရဲ့ ကျူးကျော်မှုကို ခံနေရပါတယ်။ အမှိုက်စွန်ပစ်မှုတွေ ခံနေရပါတယ်။ ကျောက်မျက်လုပ်ငန်းတွေ အရှိန်ကောင်းစဉ်တုန်းက ရေမြော မြေစာတွေ ပို့ချမှုတွေကို ခံခဲ့ရပါတယ်။ ဒါတွေကို ကောင်းကောင်းထိန်းသိမ်းနိုင်ရင် ရေကြီးမှု သက်သာ သွားမှာပါ။

ဒါကတော့ မိုးကုတ်ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ခင်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို အခြေခံပြီး ရေအားလျှပ်စစ် စက်ရုံတွေကို ဖော်ဆောင်နိုင်မယ်ဆိုရင် ပိုပြီးပြည့်စုံတဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်နိုင်မှာဘဲ ဖြစ်ပါကြောင်း…………။

ကောင်းဇေ
ဓါတ်ပုံ – “ရေအားလျှပ်စစ်စက်ရုံ – မိုးကုတ်မြို့” လူမှုကွန်ရက်စာမျက်နှာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။