Trending Now

ပိုမိုဆိုးဝါးလာသော မူးယစ်ဆေးအန္တရာယ်

Spread the love

ပိုမိုဆိုးဝါးလာသော မူးယစ်ဆေးအန္တရာယ်

EPN
အယ်ဒီတာအာဘော်
၂၀၂၂ခုနှစ်၊ ဧပြီ ၃ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အတွင်း မူးယစ်ဆေးအန္တရာယ်မှာ တစ်နေ့တစ်ခြား ပိုမိုဆိုးဝါးလာနေသည်။ နေ့စဉ်ရက်ဆက်ဆိုသလို မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် သတင်းများ တွေ့နေရသော်လည်း မူးယစ်ဆေး ဝင်ရောက်နေမှုကတော့ ရှိနေဆဲဖြစ်သည်။ လူငယ်ထုအကြား မူးယစ်ဆေး အလွယ်တကူ ဝယ်ယူ၍ ရရှိနေခြင်း ကလည်း အကြောင်းအရင်းတစ်ခု ဖြစ်နေသည်။ ထိုမူးယစ်ဆေးဝါးများ မည်ကဲ့သို့ ဝင်ရောက်နေသနည်း။ မည်သည့်လမ်းကြောင်းက ဝင်ရောက်နေသနည်း။ စသည့် မေးခွန်းပေါင်းများစွာ ရှိသော်လည်း တိကျသည့် အဖြေတစ်ခုတော့ ယနေ့အထိ မည်သည့် သတင်းစာမျက်နှာပေါ်တွင်မှ မတွေ့ရသေးပေ။

မူးယစ်ဆေးအလွယ်တကူ ဝယ်ယူ၍ရရှိနေခြင်းကလည်း တရားဥပဒေစိုးမိုးမှု အားနည်းသည်ကို ညွှန်ပြ နေသလိုပင်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသည်ကို အကြောင်းပြု၍ ဒုစရိုက်လုပ်ငန်း လုပ်ကိုင်သူ များကလည်း အခွင့်ကောင်းယူနေကြသည်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသည့်အတွက် လူငယ်ထုအကြား မူးယစ်ဆေးဝါ ပျံ့နှံ့လာခြင်းကလည်း မလိုလားအပ်သည့် အန္တရာယ်တွေကို ဖိတ်ခေါ် နေခြင်းပင် ဖြစ်သည်။ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲဖြစ်သည့် မှုခင်းဖြစ်ပွားမှုနှုန်းများကလည်း မြင့်တက် လာမည်သာဖြစ်သည်။

မြစ်ကြီးနားမြို့နယ်သည် မြစ်ကြီးနားမြို့ပေါ် (၂၈) ရပ်ကွက်နှင့် ဆင်ဘိုမြို့ပေါ် (၃) ရပ်ကွက် အပြင် ကျေးရွာအုပ်စု (၂၉)အုပ်စု၊ ကျေးရွာပေါင်း (၅၈) ရွာ ရှိသည်။ အုပ်ချုပ်ရေးနှင့် အလှမ်းဝေးကွာသည့် ကျေးရွာအုပ်စုနှင့် ရွာများ မဆိုပေနှင့်ဦး၊ မြို့ပေါ်ရပ်ကွက်ပေါ်၌ပင် မူးယစ်ဆေးဝါး ပျံ့နှံ့သုံးစွဲ ရောင်းဝယ် ဖောက်ကား နေမှုများက တစ်နေ့ထက်တစ်နေ့ များပြားလျှက်ရှိနေသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ရပ်ကွက် (၂၈) ရပ်ကွက်ရှိပြီး ထိုအထဲမှ “ပူ (၂) ပူ၊ ကုန်း (၂) ကုန်း” ဟု အမည်ပြောင်တွင်သည့် (စီတာပူ၊ ရမ်ပူ၊ တပ်ကုန်း၊ လယ်ကုန်း) ရပ်ကွက်တို့မှာ ဧရိယာ အကျယ်ဆုံးသော ရပ်ကွက်များ ဖြစ်ပြီး မြို့တွင်း အမှုအခင်းနှင့် ပြဿနာ အဖြစ်အများဆုံးရပ်ကွက်များ ဖြစ်ကြသည်။ အခြားရပ်ကွက်များ၌လည်း မူးယစ်ဆေးဝါး ပျံ့နှံ့နေပေသည်။ ထိုအထဲမှ ရမ်ပူရပ်ကွက်တွင် မှုခင်းဖြစ်ပွားမှုနှုန်း ပိုမို မြင့်မားလာသည့် အတွက် ရပ်ကွက်နေ လူငယ်များနှင့် ရပ်ကျေးတာဝန်ခံများ စုပေါင်းကာ နေ့ညမပြတ် ပတ္တရောင် လှည့်လည်၍ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးကြိမ်ဒဏ်ပေးခြင်း၊ မူးယစ်ဆေး ရောင်းဝယ် သူများ ရဲလက်အပ်ခြင်းများ ပြုလုပ်နေသည်ကိုလည်း လူမှုကွန်ယက် သတင်းစာမျက်နှာများပေါ်တွင် တွေ့မြင်နေရသည်။

ရမ်ပူရပ်ကွက်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးသုံးစွဲသူများကို ကြည့်ပါကလည်း တစ်ရက်လျင် မူးယစ်ဆေး သုံးစွဲသူ ၁၀ဦးမှ ၁၅ဦးခန့် ဖမ်းဆီးရမိနေသည်ဟုဆိုသည်။ တစ်ရက်လျင် ထိုမျှပမာဏဖမ်းမိသည်ဟုဆိုလျင် မူးယစ်ဆေးသုံးစွဲသူ ပမာဏ မည်မျှများပြားနေသည်ကို ခန့်မှန်း၍ရပေသည်။ ယင်းအရာမှာ တစ်ရပ်ကွက် အတွင်း ဖမ်းဆီးရမိသည့် ပမာဏသာရှိသေးသည်။ ရပ်ကွက်အလိုက် သေချာစိစစ်မည် ဆိုပါက ပမာဏ မည်မျှရှိမည်ကို တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းလှပေသည်။

ယခုကဲ့သို့ တရားဥပဒေစိုးမိုးမှု အားနည်းနေချိန်တွင် ရပ်ကွက်အလိုက် ထိုကဲ့သို့ စုပေါင်းဆောင်ရွက်ခြင်းမှာ ကောင်းသည်ဟု ဆိုသော်လည်း နောက်ဆက်တွဲပြသနာများမှာ ကြောက်စရာ အလွန်ကောင်းလှပေသည်။ မူးယစ်ဆေးရောင်းချသူများနှင့် သုံးစွဲသူများ၏ ပစ်မှတ်ဖြစ်လာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော အစိုးရမှ တရားဝင်ဖွဲ့စည်းပေးထားသော အဖွဲ့အစည်းမဟုတ်သည့်အတွက် ပြသနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မည်ကဲ့သို့ဖြေရှင်းပေးမည်နည်း။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည့် နေရာတွင် ရပ်ကွက်အလိုက် တာဝန်ယူ၍ သက်ဆိုင်ရာသို့ အကြောင်းကြား ဆောင်ရွက်သည်ဆိုသော်လည်း ပြသနာဖြစ်ပေါ်လာပါက တာဝန်ခံမှုအပိုင်းကို မည်သူက ဆောင်ရွက်ပေးမည်နည်း။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော မှုခင်းများကို ပြန်လည်ကြည့်ရှု့ပါကလည်း တရားခံအများစုမှာ အသက် ၂၀ မှ ၃၀ ဝန်းကျင်လူငယ်များ ဖြစ်နေသည်ကို တွေ့မြင်နေရသည်။ ဆိုလိုသည်မှာ လူငယ်ထုအတွင်း မူးယစ်ဆေးသုံးစွဲမှု များပြားလာသည့်အတွက် မူးယစ်ကျေးကျွန်ဖြစ်နေသော လူငယ်များ၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပေါ် လာနိုင်မှုကို ဆိုလိုခြင်းဖြစ်သည်။ မူးယစ်ကျေးကျွန်ဖြစ်လာပါက မည်ကဲ့သို့သော် ဒုစရိုက်မှုမျိုးကို မဆို ကျူးလွန်ရန် ဝန်မလေးတော့ပေ။ စဉ်းစားချင့်ချိန် နိုင်စွမ်းလည်းမရှိတော့ပေ။ မူးယစ်သားကောင် ဖြစ်နေရရသော အနာဂါတ် လူငယ်လူရွယ်များအတွက် ရင်လေးစရာပင်ဖြစ်သည်။

သက်ဆိုင်ရာအဖွဲ့အစည်းများမှ မူးယစ်ဆေးရောင်းချသူ၊ သယ်ယူပို့ဆောင်သူများကို ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိသော်လည်း ထိရောက်သောဆောင်ရွက်မှုဟု မဆိုလိုနိုင်သေးပေ။ အကြောင်းမှာ မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူရရှိနေခြင်းကြောင့် ဖြစ်သည်။ နယ်မြေမအေးချမ်းမှုကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများက အခွင့်အရေးယူကာ နည်းလမ်းပေါင်းစုံဖြင့် တင်သွင်းနေမှုများကြောင့် ဖြစ်သည်။

ယခုကာလမှာ လွန်စွာအရေးကြီးသည့် ကာလသို့ရောက်ရှိနေပြီဖြစ်သည်။ နယ်မြေမအေးချမ်းမှုကို အခွင့်ကောင်းယူကာ ဒုစရိုက်မှုများ ပြုလုပ်နေသော ယခုလိုကာလမျိုးတွင် မူးယစ်ကျေးကျွန်ဖြစ်နေသော လူငယ်များမှာ အသုံးချခံဘဝသို့ ရောက်ရှိသွားနိုင်ပေသည်။ နိုင်ငံရေး အသုံးချခံရမှုများလည်း ဖြစ်ပွား နိုင်သေးသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို ထိန်းချုပ်နိုင်ရန်မှာ လွန်စွာအရေးကြီးပေသည်။ မျိုးဆက်သစ် လူငယ်များ လမ်းမှား မရောက်စေရန်နှင့် အသုံးချခံဘဝများသို့ မရောက်ရှိစေရန် ဂရုစိုက်ရမည့် အချိန်ကာလ တစ်ခုလည်းဖြစ်သည်။

သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍ အရေးတယူဆောင်ရွက်ရမည့် အချိန်ကာလ တစ်ခုလည်း ဖြစ်ပေသည်။ မူးယစ်ဆေးဝါး အန္တရာယ်ကို ထိန်းချုပ်နိုင်မှသာလျင် မှုခင်းလျော့ကျရေးကို တစ်ဖက် တစ်လမ်းမှ အကျိုးပြုနိုင်မည်ဖြစ်သည်။ လက်ရှိအခြေအနေကို ကိုင်တွယ်နိုင်ခြင်း မရှိပါက နောက်ဆက်တွဲ ကြုံတွေ့လာနိုင်သည့် အန္တရာယ်များမှာ ရင်လေးစရာပင်ဖြစ်ကြောင်း ရေးသားအကြံပြု လိုက်ရပါသည်။

အယ်ဒီတာအာဘော်
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။