Trending Now

အသစ်တည်ဆောက်နေသည့် ကချင်ပြည်နယ်ရှိ ဗလမင်းထင် အမှတ် (၂) တံတား (၂၅) ရာခိုင်နှုန်းခန့်ပြီးစီး

Spread the love

အသစ်တည်ဆောက်နေသည့် ကချင်ပြည်နယ်ရှိ ဗလမင်းထင် အမှတ် (၂) တံတား (၂၅) ရာခိုင်နှုန်းခန့်ပြီးစီး

EPN
မြစ်ကြီးနား၊ မေလ ၁၄

မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား-ဗန်းမော်သွားလမ်း ပြည်ထောင်စုလမ်းမကြီးဧရာဝတီမြစ်ကူး ဗလမင်းထင်အမှတ် (၂) တံတားသစ် တည်ဆောက်နေမှုမှာ (၂၅) ရာခိုင်နှုန်းခန့်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗလမင်းထင်တံတားအမှတ် (၂)ကို ၂၀၂၁ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့မှ စတင်ကာ တည်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြစ်ကြီးနားဘက်အခြမ်း ချဥ်းကပ်တံတားတိုင်များ၏ ဖောင်ဒေးရှင်းများ တည်ဆောက်ခြင်း ၊အုတ်မြှစ်ခုံချခြင်းများ တည်ဆောက်ထားပြီးဖြစ်ကြောင်း ကချင်ပြည်နယ်တံတားအထူးအဖွဲ့(၁)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ပြောသည်။

“အခု အသစ်တည်ဆောက်နေတဲ့ တံတားကြီးက ယခင် မြစ်ကြီးနားနဲ့ ဝိုင်းမော်ကို ဆက်သွယ်ထားတဲ့ လမ်းတံတားဖြစ်တဲ့ ဗလမင်းထင်တံတာကြီးနဲ့ အပြိုင် တံတားကြီးရဲ့ဘေးမှာပဲ တည်ဆောက်နေတယ်၊ မနှစ်က (၂၀၂၁) ခုနှစ် အောက်တိုဘာလမှ စတင်တည်ဆောက်ခဲ့တာ၊ လျာထားချက်ကတော့ သုံးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ဖို့လျာထားတယ်၊ လက်ရှိအခြေအနေမှာတော့ မြစ်ကြီးနားဘက်အခြမ်းက ချဥ်းကပ်တံတား တိုင်းတွေရဲ့ဖောင်ဒေးရှင်း အားလုံး ပြီးထားပြီဖြစ်တယ်၊နောက်ပြီး အုတ်မြှစ်ခုံလုပ်ငန်းတွေလဲ ပြီးစီးထားပါပြီ တံတားတစ်ခုလုံးရဲ့ ပြီးစီးမှုရာခိုင်နှုန်းဆိုရင် (၂၅)ရာခိုင်နှုန်းလောက်ပြီးစီးပါပြီ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဧရာဝတီမြစ်ကူး(ဗလမင်းထင်)တံတား အမှတ် (၂)သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း (ကံပိုင်တည်)နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း) ပေါ် တွင်လည်း တည်ရှိပြီး တံတားကြီးအား (၂၀၂၀-၂၀၂၁) ပြည်ထောင်စု ၊ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်၊ ခန့်မှန်းတန်ဖိုးမှာ (၃၂)ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

လာမည့်မိုးရာသီကာလ ရောက်ရှိပါက ဧရာဝတီမြစ်ရေမြင့်တက်မှုများဖြစ်ပေါ်လျှင် တံတားတည်ဆောက်မှု ရေလယ်လုပ်ငန်းများ ခေတ္တဆိုင်းငံ့ကာ ကုန်းပေါ်လုပ်ငန်းများသာ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ရေကျသည့်ကာလရောက်မှသာ ရေလယ်တိုင်များ တူးဖော် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“အခုအသစ်ဆောက်တဲ့ တံတားက တံတားဟောင်းနဲ့ဆိုရင် မီတာ (၄၀)အကွာမှာ တည်ဆောက်နေတာဖြစ်တယ်၊ တံတားတည်ဆောက်နေတုန်း ဆိုတော့ လာမဲ့ မိုးကာလရောက်ရင်တော့ မြစ်ရေတက်လာမယ်ဆိုရင် ရေလယ်လုပ်ငန်းတွေ ခေတ္တရပ်နားပြီး ကုန်းပေါ်လုပ်ငန်းတွေပဲ အဓိကထားပြီး အင်တိုက် အားတိုက်နဲ့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်၊ မိုးတွင်းကာလဆိုရင် တိုင်လုပ်ငန်းတွေ ၊ကြမ်းခင်းလုပ်ငန်းတွေကိုပဲဆောင်ရွက်သွားမှာဖြစ်တယ်၊ ရေကျသွားလောက်မယ့် (၉)လပိုင်းလောက်မှ ရေလယ်တိုင်တွေဖြစ်တဲ့ နံပါတ် (၃၊ ၄၊ ၅) တိုင်တွေအတွက် ရေလယ်တူးဖော်ခြင်း၊ ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောက်ရွက်ဖို့ စီမံထားပါတယ်၊ “ ဟု ၎င်းက ဆိုသည်။

ယင်း အမှတ်(၂) တံတားကြီး၏ အရှည် မှာ ၃၂၁၂ ပေ ( ၉၇၉ မီတာ) ရှိမည်ဖြစ်ပြီး သံကူကွန်ကရစ် ရေလယ်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss၊ Steel Box Girder and RCC Slab အမျိုးအစားတံတားဖြစ်ကာ တံတားအကျယ် ယာဉ်သွားလမ်း (၂၄)‌ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၃)ပေစီရှိပြီး ခွင့်ပြုအလေးချိန် ယာဉ်တစ်စီးချင်း (၇၅)တန် ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားသည် နှစ်ပေါင်း (၂၅) နှစ်ခန့်နေရှိပြီဖြစ်ပြီး ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့သို့ ဗန်းမော်ခရိုင်နှင့် တရုတ်နိုင်ငံနယ်စပ်တို့မှ ကားများဖြတ်သန်းသွားလာရာ တံတားတစ်စင်းဖြစ်ပြီး ၂၀၁၈-၂၀၁၉ ကာလအတွင်း တံတားဖြတ်သန်းသွားလာမှု စစ်ဆေးကောက်ယူချက်အရ တစ်ရက်လျှင် ယာဉ်အစီးရေ (၃၀၀၀)ကျော်ခန့် သွားလာလျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။