Trending Now

မြစ်ကြီးနားမြို့ပေါ်တွင် ဆန်တစ်အိတ်လျှင် တစ်သောင်းခွဲမှ သုံးသောင်းကျော် အထိ ဈေးနှုန်းမြင့်တက်

Spread the love

မြစ်ကြီးနားမြို့ပေါ်တွင် ဆန်တစ်အိတ်လျှင် တစ်သောင်းခွဲမှ သုံးသောင်းကျော် အထိ ဈေးနှုန်းမြင့်တက်

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၂

မြစ်ကြီးနားမြို့တွင် ပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ်လျှင် ယခင်က ငါးသောင်း ဝန်းကျင်ခန့်သာ ရှိခဲ့ရာမှ သြဂုတ်လ နောက်ဆုံးပတ်မှစတင်ကာ တစ်အိတ်လျှင် ကိုးသောင်းအထိ ဈေးမြင့်တက်လာသလို အခြားအမျိုးအစားမှာလည်း တစ်သောင်းအကျော်အထိ ဈေးမြင့်တက်လာကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လမှ ဩဂုတ်လကုန်ပိုင်းအထိ ဆန်ဈေးနှုန်းကွာခြားမှုမှာ ငွေတိုးဆန် (၂၄)ပြည်ရှိ တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်မှ ၄၈၀၀၀ကျပ် ပေါ်ဆန်းမွှေး ၅၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်၊ လုံးသွယ်မွှေး ၄၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်၊ ဧရာမင်း ၄၈၀၀၀ကျပ်မှ ၆၅၀၀၀ ကျပ်၊ချင်းတုံး ၃၁၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။

ယင်းကဲ့သို့ဈေးနှုန်းမြင့်တက်လာခြင်းမှာ လယ်သမားများ စိုက်ပျိုးချိန်တွင် အသုံးပြုသည့် စိုက်ပျိုးရေးသုံးပစ္စည်းများ ဝယ်ယူစရိတ်မြင့်လာခြင်း၊ စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းနှင့် သယ်ယူစရိတ်များကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“ဆန်ဈေးတွေအားလုံးနီးပါးက ပြီးခဲ့တဲ့ ဇူလိုင်လထက် သုံးသောင်းကျော်လောက်တက်သွားပြီ၊ဒီလိုတက်ရတာ နိုင်ငံရေးအခြေနေဆိုးနေတဲ့အပြင် ဒေါ်လာဈေးတွေက တက်လာတယ်၊ဒေါ်လာဈေးတက်တော့ ဆီဈေးကတက်လာတယ်၊ ဆီဈေးတွေတက်တော့ တောင်သူတွေ လုပ်ကိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ဈေးကြီးပေးဝယ်ရတယ် ဒါတွေကြောင့်ဈေးက တက်လာတာပဲ၊ကျွန်တော်တို့ မိုးညှင်းဘက်နှင့်ခက်ချို ဘက်ကနေ ဆန်တွေကိုဝယ်ရောင်းရတာ၊ အဲ့တာကြောင့် သူတို့ဆီက ကျွန်တော်တို့ဝယ်ကတည်းက ဈေးကြီးပေးဝယ်နေရတဲ့အတွက် ဈေးနှုန်းက မြင့်လာတာ”ဟု ၎င်းကရှင်းပြသည်။

အလားတူ ဆန်‌ဈေးတက်နေသည့်အပြင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီ၊ကြက်သွန်၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ ဘဲဥ အစရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ ဈေးမြင့်တက်လာသည့်အတွက် မိသားစု စားဝတ်နေရေးမှအစ မီးဖိုချောင်အပိုင်း စီမံလုပ်ဆောင်ရာတွင် အခက်အခဲကြုံတွေ့နေရပြီး ဈေးနှုန်းများပြန်ကျစေလိုကြောင်း အိမ်ရှင်မ တစ်ဦးက ပြောဆိုသည်။

“အခုတလောဈေးတွေအကုန်တက်နေတာ၊ ဘယ်လိုလုပ်စားရတော့မလဲမသိဘူး၊ ဝင်ငွေကမရှိ ထွက်ငွေတွေပဲတိုးလာတယ် အခုဆိုဆန်တစ်အိတ် တစ်သောင်းနီးပါးကိုတက်လာပြီ၊ကြက်သွန်နီတစ်ပိသာဆို ၃၅၀၀၊ ခရမ်းချဉ်သီးတစ်ပိသာ၊၃၅၀၀ ၊ပြီးတော့ စားဆီတစ်ပိသာဆိုလည်း ၁၃၀၀၀၊ ကြက်ဥ တစ်ထောင်ဖိုးလေးလုံး၊ဘဲဥ တစ်ထောင်ဖိုး သုံးလုံးပဲရတယ်၊ဒီလိုပဲဆက်တက်‌နေရင်တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး၊ဈေးနှုန်းတွေကျစေချင်ပြီ”ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဆန်ဈေးများတက်နေသည့်အတွက် မြစ်ကြီးနားရှိ အခြေခံလူတန်းစားများအနေဖြင့် အိတ်လိုက်ဝယ်ယူနိုင်ခြင်းမရှိတော့ဘဲ တစ်ရက်စာ နှစ်ရက်စာ စသဖြင့် ဝယ်ယူစားသုံးနေရပြီး ထပ်မံမြင့်တက်ပါက ဆန်ပြုတ်ပြုတ်သောက်ရမည့် အခြေအနေဖြစ်နေကြောင်း နေ့စားလုပ်ငန်းလုပ်ကိုင်သည့် ပြည်သူတစ်ဦးက ပြောဆိုသည်။

“ကျွန်မတို့ဆို ဆန်ကို အိတ်လိုက်မဝယ်စားနိုင်တော့ဘူး၊အရင်ကဆို လုပ်အားခလေးတွေစုပြီး အိတ်လိုက်နဲ့ ဝယ်စားနိုင်ခဲ့ပေမဲ့ အခုတော့လုပ်တဲ့ဝင်ငွေနဲ့ ဆန်တစ်အိတ်ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဆန်ကိုတစ်ပြည်နှစ်ပြည်‌လောက်ပဲဝယ်စားရတယ်၊ တစ်ခါတစ်လေ ဆန်အနည်းငယ်နဲ့ ဟင်းရွက်တွေရောပြီး ဆန်ပြုတ်သောက်ရတဲ့အချိန်လည်းရှိတယ်၊ တကယ်လို့ထပ်တက်မယ်ယ်ဆိုရင်တော့ ပြည်နဲ့မပြောနဲ့ ဆန်ကိုနို့ဆီဗူးလေးနဲ့ပဲဝယ်စားပြီး ဆန်ပြုတ်ပဲသောက်ရတော့မယ်၊ ကုန်ဈေးနှုန်းတွေအမြန်ကျဖို့ပဲ မျှော်လင့်နေရတယ်”ဟု ၎င်းကဆိုသည်။

မြစ်ကြီးနားမြို့တွင် ပေါ်ဆန်းမွှေး ၊ငွေတိုး၊ဧရာမင်း ၊ပဒေသာ၊လုံးသွယ်မွှေး စသည့် ဆန်အမျိုးအစားများ ရှိသည့်အနက် အများစုမှာ ကချင်ပြည်နယ်ထွက် ဆန်တစ်မျိုးဖြစ်သည့် ငွေတိုးဆန်ကို အများဆုံး ဝယ်ယူလေ့ရှိပြီး အချို့ဆန်အမျိုးအစားများကို လူတန်းစားအလိုက် ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။