Trending Now

“သမိုင်းဝင်နေ့တစ်နေ့အဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ ကံပိုင်တည်” မှအဆက်

Spread the love

“သမိုင်းဝင်နေ့တစ်နေ့အဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ ကံပိုင်တည်”

မှအဆက်
EPN
ဆောင်းပါး

ကံပိုင်တည်မြို့အမည် ကြိုဆိုဂုဏ်ပြုပွဲနှင့် ကျောက်သားဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားရဲ့ တတိယနေ့လည်း ဖြစ်တဲ့ နောက်ဆုံးနေ့ရဲ့ မနက်ပိုင်းလေးမှာတော့ မိုးလေးတဖွဲဖွဲနဲ့ အေးချမ်းမှုအသွင်ကို ဆောင်လို့နေပါတယ်။ ချမ်းအေးလှတဲ့ မနက်ခင်းမှာ ခမရ (၃၈၉) တပ်မှ အရာရှိ၊ အရာခံများ၊ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်မှ အရာရှိ၊ အရာခံများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် တာဝန်ရှိသူများနှင့် ဒေသခံ ရပ်မိရပ်ဖများ၊ ပွဲအတွင်းကို လာရောက်ကြတဲ့ ပြည်သူတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ နံနက် ၁၀ နာရီ အချိန် မှာတော့ ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းနဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဝေါ့လော်ဟောင်းခေါင်တို့ ရောက်ရှိလာခဲ့ပြီး အခမ်းအနား ကျင်းပရာ စင်မြင့်ထက်မှာ နေရာယူခဲ့ကြပါတယ်။

အဲ့ဒီနောက် အခမ်းအနား စတင်ကြောင်း ကြေငြာပြီးတဲ့ နောက်မှာတော့ ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ရာမှာ “ ကြွရောက်လာကြတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ အမှုထမ်း၊ အရာထမ်း စစ်ဘက်၊ နယ်ဘက် ပုဂ္ဂိုလ်ကြီးများနှင့်တကွ ကံပိုင်တည်၊ ဆဒုံး ဒီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံ ရပ်မိရပ်ဖများ၊ မိဘပြည်သူအားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ။ ကျန်းမာပျော်ရွှင် နိုင်ကြပါစေ။ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ။ ပြည်ထောင်စု မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက်၊ စည်းလုံးညီညွတ်ရေးအတွက် အချင်းချင်း အပြန်အလှန်၊ ရိုင်းပင်းကူညီ နိုင်ရေးအတွက်၊ အပြန်အလှန် ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် ကြီးမားလှတဲ့၊ ကောင်းမြတ်လှတဲ့ တာဝန်တွေ၊ ဝတ္တရားတွေ ဆောင်ရွက် အောင်မြင်နိုင်ကြ ပါစေလို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့ပါတယ်။ ဒီရက်ပိုင်းမှာ ကျွန်တော်တို့အားလုံး ဖြစ်ပေါ်တိုးတက်လာတဲ့ ကောင်းမှုကို ဝိုင်းဝန်းပြီးမှ ဂုဏ်ပြုခဲ့ကြတယ်။ အဲ့ဒီ ဖြစ်ပေါ်တိုးတက်မှုကို သမိုင်းဝင် ထိန်းသိမ်း စောင့်ရှောက်နိုင်အောင်၊ အမှတ်တရမှုဖြစ်အောင် ကျောက်သားဆိုင်းဘုတ်ကိုလည်း ဖော်ဆောင်ပြီးတော့မှ ကျွန်တော်တို့ အဲ့ဒီ ဆိုင်းဘုတ်ဖွင့်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ ဂုဏ်ပြုရတာကတော့ ခေတ်နောက်ကျနေဆဲ နယ်မြေဒေသတစ်ခု၊ နိုင်ငံတစ်ခု၊ စည်လုံးညီညွတ်မှု ပျက်ပြားနေဆဲ နိုင်ငံတစ်ခု၊ ပြည်သူပြည်သားများ အခုအခါ တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့၊ အကျိုးကျေးဇူးတွေ ရရှိဖို့ နိုင်ငံတော်က နေပြီးတော့မှ ခွင့်ပြုပေးလာပါတယ်။ အဲ့ဒါကတော့ ကံပိုင်တည်ဆိုတဲ့ အမည်နာမလေးနဲ့ မြန်မာ-တရုတ် ကောင်းရောင်းကောင်းဝယ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီးမှ အဲ့ဒီလို ခေတ်နောက်ကျတဲ့ နယ်မြေဒေသ တစ်ခုကို တိုးတက်ရန်၊ ဖွံ့ဖြိုးရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရတော့မယ့် အခွင့်အလမ်းကြီး ရရှိလာပြီ ဖြစ်ပါတယ်။ အဲ့ဒါကို ကျွန်တော်တို့က ပြည်သူပြည်သားတွေ ပါဝင်ပြီးတဲ့နောက် ဂုဏ်ပြုရခြင်း၊ ကြိုဆိုရခြင်း၊ ထောက်ခံရခြင်း အမှုတော်ကို ဆောင်ရွက်တဲ့အတွက်ကြောင့် အလွန်ကြီးမြတ် လှပါတယ်။ အလွန်ဝမ်းသာ ဂုဏ်ယူဖွယ် ကောင်းပါတယ်။ တစ်ချိန်တည်းမှာ အဲ့ဒီရဲ့ အမှတ်တရ အနေနဲ့ ဒီကံပိုင်တည်မှာ ထုဆစ်ထားတဲ့ ကံပိုင်တည် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောက်စာတစ်ရပ်ကို ကျွန်တော်တို့က ဖွင့်ပွဲလုပ်နိုင်တယ်၊ ဖော်ဆောင်နိုင်တယ်ဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ ယခုရက်ပိုင်း ၂၀ရက်၊ ၂၁၊ ၂၂ရက်မှာ ကျွန်တော်တို့ ဂုဏ်ပြုခဲ့ပါတယ်။ အားလုံးဝိုင်းဝန်း ပြီးတဲ့နောက်မှာ ဒီနေရာမှာ စုစည်းပြီးတဲ့နောက် ပျော်ပွဲရွှင်ပွဲအပါ အပြန်အလှန် ရင်းနှီးမှု၊ ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လေးစားမှုများကို အသိအမှတ် ပြုခဲ့နိုင်ပါတယ်။ ဒါလည်း ကျွန်တော်တို့အတွက် အလွန်ပဲ ဂုဏ်ယူစရာ ကျေးဇူးတရားကြီး ဖြစ်နေပါပြီ။ ဒီရက်ပိုင်းမှာ ဒီအမှတ်တရ ဂုဏ်ပြုပွဲ၊ ထောက်ခံပွဲ၊ ညီညွတ်တဲ့ အမှတ်တရ၊ စည်းလုံးတဲ့ အမှတ်တရ ကျွန်တော်တို့ ဒီနယ်မြေမှာ ဒီကံပိုင်တည်မှာ ဆောင်ရွက်တဲ့ နေရာမှာ ပါဝင်ပြီးမှ အဘက်ဘက် ကူညီပေးကြတဲ့ ယဉ်ကျေးမှုအသင်းအဖွဲ့ တိုင်းရင်းသားစာပေ၊ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှု အဖွဲ့များ အပါအဝင် အဆိုအက အတီးအမှုတ်၊ အစားအသောက် ချက်ပြုတ်ပေးတဲ့၊ သွားရေးလာရေး စီမံပေးတဲ့၊ နေရာထိုင်ခင်းတွေ စီမံပေးတဲ့ အားလုံး အားလုံးသော လူပုဂ္ဂိုလ် အပေါင်းတို့ကို ကျွန်တော်အနေနဲ့ ကျေးဇူးတင်ပါကြောင်း၊ အလွန်ကျေးဇူး ကြီးလှပါတယ်။ ချီးကျူးဂုဏ်ပြုလို့ မဆုံးပါဘူး။ ခင်ဗျားတို့ရဲ့ ပါဝင်ဆောင်ရွက်မှုဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ပြည်သူ၊ ကျွန်တော်တို့ ခေတ်နောက်ကျနေရမှုကို ဝမ်းသာဂုဏ်ယူစွာနဲ့ အနာဂါတ် ကာလတွေမှာ တိုးတက်လာဖို့၊ ဖွံ့ဖြိုးလာဖို့၊ စည်းလုံးညီညွတ်လာဖို့၊ ချမ်းသာကြွယ်ဝလာဖို့၊ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ လူမျိုးပြည်သူများ ဂုဏ်ကျက်သရေ မင်္ဂလာ အ၀၀ အဖြာဖြာ ခံယူရရှိနိုင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးကြတဲ့ အတွက်ကြောင့် ခင်ဗျားတို့ပြုတဲ့ ကျေးဇူးတွေဟာ ကြီးမားလှပါတယ်။ အဲ့ဒီပြုတဲ့ ကျေးဇူးတွေဟာ နိုင်ငံနဲ့လူမျိုး၊ ပြည်သူတွေ အားလုံးအတွက် ထာဝရ အမှတ်ရနေမှာ ဖြစ်ပါတယ်။ ထာဝရ ကျေးဇူးကြီးလှနေမှာ ဖြစ်ပါတယ်။ နောင်လာနောက်သား ကျွန်တော်တို့ရဲ့ အစဉ်အဆက်သော တိုင်းရင်းသားပြည်သူများကို ပြင်ဆင်ထားရင်း ပျော်ရွှင်စေဖို့၊ ဘဝကို ကောင်းသထက်ကောင်းအောင် တည်ဆောက်နိုင်ကြဖို့ အခြေခံ အရင်းအနှီးကြီး တစ်ခုကို ခင်ဗျားတို့ ဆက်ထူပေးကြပါအုံး။ အားလုံးကိုယ်စိတ်ကျန်းမာ ချမ်းသာနိုင်ကြပါစေ သစ္စာပြုရင်း ကျေးဇူးတင်တဲ့ အကြောင်းလေး ဖော်ပြချင်ပါတယ် ” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကချင်အထူးဒေသ (၁) ဒုတိယ ဥက္ကဋ္ဌ ဦးဝေါ့လော်ဟောင်းခေါင်ကနေ ကံပိုင်တည်မြို့အမည် ကြိုဆိုဂုဏ်ပြုပွဲနှင့် ကျောက်သားဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပေးခဲ့ပါတယ်။ အဲ့ဒီနောက် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေငြာခဲ့ပြီးနောက် အခမ်းအနားကို တက်ရောက်လာပေးကြတဲ့ ဒေသခံ ပြည်သူတွေကို လည်း နေ့လည်စာ ထမင်းဟင်းတို့နဲ့ ဧည့်ခံကျွေးမွေး ပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ကံပိုင်တည်မြို့အမည် ကြိုဆိုဂုဏ်ပြုပွဲနှင့် ကျောက်သားဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား ကံစမ်းမဲ အစီအစဉ်ကို ဆက်လက်ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။ ကံစမ်းမဲ အစီအစဉ်မှာ ဆိုရင်လဲ ပထမဆု အနေနဲ့ ရွှေတစ်ကျပ်သား၊ ဒုတိယဆု 125 CANDA ဆိုင်ကယ် တစ်စီး၊ တတိယဆု SAMSUNG Glaxy ဖုန်းတစ်လုံး၊ စတုတ္ထဆု ၃၂လက်မ တီဗီ တစ်လုံးနှင့် အခြားဆု ၈ဆုတို့ကို မဲနှိုက်စနစ်နဲ့ အများပြည်သူ ရှေ့မှောက်မှာ မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး ကံထူးရှင်များကို ရွေးချယ်ပေးခဲ့ပါတယ်။ ကံစမ်းမဲအစီအစဉ်ကိုလည်း ဒေသခံ ပြည်သူတွေကနေ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ပေးခဲ့ကြပါတယ်။
ညပိုင်းရောက်တဲ့ အခါမှာတော့ မနက်ပိုင်းက မိုးရွာထားတဲ့အတွက် အင်မတန်မှ ချမ်းအေးလှပေမယ့်လည်း ပျော်ပွဲရွှင်ပွဲ နောက်ဆုံးနေ့ ဖြစ်တဲ့အတွက် စတိတ်ရှိုးကြည့်ဖို့ လာရောက်တဲ့ ပရိတ်သတ်ကလည်း အင်မတန်မှ များပြားလှပါတယ်။ ဖိတ်ကြားထားတဲ့ ကချင်ပြည်နယ်က နာမည်ကြီး အဆိုတော်တွေ၊ ဒေသခံ လူငယ်အဆိုရှင်တွေကလည်း ပရိတ်သတ်ကြီး စိတ်တိုင်းကျစေဖို့ အစွမ်းကုန် ဖျော်ဖြေပေးခဲ့ကြပါတယ်။ ပရိတ်သတ်ကြီးကလည်း စင်ရှေ့အပြည့် အားပေးခဲ့ကြတာကလည်း အမှတ်တရတွေ များစွာထဲက မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုပါပဲ။
ကံပိုင်တည်မြို့ဟာဆိုရင် အနာဂါတ်မှာ ကုန်သွယ်စီးပွား လုပ်ငန်းတွေနဲ့ စည်ကားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြို့တစ်ခု၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ ဒေသတစ်ခု၊ ကံပိုင်တည်ဆိုတဲ့ အဓိပ္ပါယ်တွေ ပြည့်ဝစွာ ပါဝင်တဲ့ မြို့တစ်မြို့အဖြစ် သမိုင်းမှတ်တိုင် ရေးထိုးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နေ့ထူး နေ့မြတ် တစ်ခုအဖြစ် ကံပိုင်တည်ဆိုတဲ့ ကျောက်သားဆိုင်းဘုတ် ဖွင့်လှစ်နိုင်ခဲ့တဲ့ ဒီကနေ့ဟာ ဆိုရင်တော့ ကချင်ပြည်နယ်မှာ သမိုင်းဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။