Trending Now

မြစ်ကြီးနားတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးပျောက်ဆုံးခဲ့ရာ အဆက်အသွယ် မရရှိသေး

Spread the love

မြစ်ကြီးနားတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးပျောက်ဆုံးခဲ့ရာ အဆက်အသွယ် မရရှိသေး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၆ (၂၀၂၄)

မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်တွင် မျိုးသမီးတစ်ဦးနှင့်ကလေးငယ် တစ်ဦး ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပျောက်ဆုံးခဲ့ရာ အဆက်အသွယ် မရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အသက် (၁၈)နှစ်ရှိသူ အမျိုးသမီးတစ်ဦးနှင့် အသက် (၅)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးမှာ နေအိမ်ကနေ အပြင်ခဏသွားခဲ့ရာမှ အိမ်သို့ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အသက် (၁၈)နှစ်ရှိသူမှ ဗန်းမော်သို့ ရောက်ရှိနေကြောင်း ဖုန်းဖြင့်ဆက်သွယ်လာသော်လည်း ချက်ချင်းဖုန်းပြန် ချသွားသောကြောင့် ယနေ့အထိ အဆက်အသွယ် မရရှိသေးကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

” သူတို့နှစ်ယောက်က အပြင်ခဏသွားကြတာကနေ အိမ်ကိုပြန်မလာပဲ ပျောက်နေတာ။ မနေ့ကမှ အကြီးမက ဖုန်းခဏဆက်လာတယ်။ ဗန်းမော် ရောက်နေကြတယ်ဆိုပြီး ခဏပဲပြောတယ်။ ဖုန်းတန်းချလိုက်တယ်။ ပြန်ဆက်တော့ ဖုန်းကစက်ပိတ်သွားတယ်။အခုထိလည်း အဆက်အသွယ် မရသေးဘူး။ ကျွန်မတို့ထင်တာက ကလေးရဲ့အမေက တိတ်တိတ်လေး လာခေါ်သွားတာလားလို့လည်း တွေးမိတယ်။ ဘာလို့လဲဆိုတော့ သူ့အဖေနဲ့ အမေက ကွဲနေတာဟုတ်တယ်။ မြစ်ကြီးနားမှာ အဘိုးအဘွားရယ်၊သူ့အဖေရယ် နေကြတာ ” ဟု ၎င်းကဆိုသည်။

အဆိုပါ အသက် (၅)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး၏ မိဘနှစ်ပါးမှာ ကွဲကွာနေကြောင်းသိရပြီး အဆိုပါ ကလေးငယ်မှာ အဖေဖြစ်သူ၊ ဘိုးဘွားများနှင့်အတူနေထိုင်နေရသည့်အတွက် မိခင်ဖြစ်သူမှ တိတ်တစ်ဆိတ် ခေါ်သွားခြင်းလည်း ဖြစ်နိုင်‌ကြောင်း မိသားစုဝင်များ ပြောကြားချက်အရ သိရသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီ ၁၅ ရက်နေ့ကလည်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး တစ်ရက်အတွင်း ပျောက်ဆုံးခဲ့ကြောင်းလည်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။