Trending Now

မြစ်ကြီးနာမြို့၊ မြို့သစ်ကြီးရပ်ကွက်တွင် အိမ်ခြံဝန်းတံခါး ဖျက်၍ ဆိုင်ကယ်နှစ်စီး ခိုးယူသွား

Spread the love

မြစ်ကြီးနာမြို့၊ မြို့သစ်ကြီးရပ်ကွက်တွင် အိမ်ခြံဝန်းတံခါး ဖျက်၍ ဆိုင်ကယ်နှစ်စီး ခိုးယူသွား

EPN
မြစ်ကြီးနား၊ ဇွန် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် ကွက်သစ် အိမ်အမှတ် (၈၉၆) နေအိမ် အတွင်း ထားရှိသည့်တန်ဖိုးရှိ ဆိုင်ကယ်နှစ်စီး ခိုးခံရကြောင်း အိမ်ရှင် ထံမှ သိရသည်။

ယမန်နေ့ည မိုးရွာသွန်းချိန်တွင် နေအိမ်ဂိုထောင်အတွင်း၌ ထားရှိသည့် လိုင်စင်ပါ Honda Clike (150) I Model 2021 ၊ ဆိုင်ကယ်နှင့် Kenbo (125) ဆိုင်ကယ် နှစ်စီး ခိုးခံရကြောင်း ဆိုင်ကယ် ပျောက်ဆုံးသူက ပြောသည်။

” မြို့သစ်ကြီးကွက်သစ် အိမ်အမှတ် (၈၉၆) ကျွန်မ နေအိမ် အတွင်းက ဂိုထောင်မှာ ဆိုင်ကယ်နှစ်စီး သော့ခတ် သိမ်းထားတာကို ခြံဝန်းသော့ဖျက်ပြီး ခိုးသွားတယ်။ မနေ့ညက မိုးအရမ်းရွာလို့ ဘာမှ မသိလိုက်ရဘူး။ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတာတော့ မရှိသေးဘူး။ ကိုယ့်နည်းကိုယ့်ဟာနဲ့ လိုက်ရှာနေတာ ” ဟု ၎င်းကရှင်းပြသည်။

မြို့သစ်ကြီးကွက်သစ် အိမ်အမှတ် (၈၉၆) နေအိမ်မှ တန်ဖိုးကြီး ဆိုင်ကယ်နှစ်စီးကိုသာ ခြံဝန်းသော့ဖျက်စီး၍ ခိုးယူသွားခဲ့ပြီး အခြား တန်ဖိုးကြီး ပစ္စည်းများ ပါသွားခြင်းမရှိကြောင်း ယင်းက ထည့်သွင်းပြောသည်။

” Kenbo(125) ဆိုင်ကယ်က လိုင်စင်မပါဘူး။ Model 2021ပါ အနီးကြားပါ။ Honda Click 150 I model 2021 က လိုင်စင်ပါတယ်။ ကာလတန်ကြေး သိန်း‌ခြောက်ဆယ်လောက် ပေါက်တယ်။ ဆိုင်ကယ်နှစ်စီးပေါင်းရင် သိန်းခုနှစ်ဆယ် ကျော်တာပေါ့။ အခုချိန်အထိ လိုက်ရှာနေတယ်။ အပေါင်ဆိုင်တွေ လောင်းကစားဝိုင်းတွေမှာ လိုက်ရှာနေတယ်။ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ လိုင်စင်၊ အုံနာဘုတ်တွေ မပါသွားဘူး ” ဟု ၎င်းက ရှင်းပြသည်။

မြစ်ကြီးနားမြို့ပေါ်တွင် အလားတူ အိမ်ဝန်းခြံသော့ ဖျက်စီး၍ ဆိုင်ကယ်များ ခိုးယူသွားသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး ယင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ချက်ဖွင့် သူများ ရှိသကဲ့သို့ ကိုယ့်နည်းကိုယ်ဟန်ဖြင့် လိုက်လံရှာဖွေရာ ပြန်လည်ရရှိသူများလည်း ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များကို ဆိုင်ကယ် သူခိုးအဖွဲ့များက နေ့လည်ချိန်တို့တွင် နေအိမ်များအား လိုက်လံ ကြည့်ရှူ့ပြီး ညပိုင်းအချိန်၌ အဖွဲ့လိုက် ခိုးယူမှုများပြုလုပ်နေကြောင်း သိရသည်။

မိုးတွင်းကာလ သို့ ရောက်ရှိလာပြီ ဖြစ်၍ မိုးသည်းထန်စွာ ရွာသွန်းချိန်မျိုးတွင် မိမိတို့၏ နေအိမ်အတွင်း၌ ထားရှိသည့် တန်ဖိုးကြီး ပစ္စည်းများကို မပေါ့ဆပဲ သတိ၊ ဝိရိယ ထားကာ အိမ်ရှင်များ အနေဖြင့် စောင့်ကြည့် နေထိုင်ကြရန် တိုက်တွန်း ပြောဆိုထားသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။