Trending Now

မြစ်ကြီးနားမြို့တွင် တရုတ်ကြက်သွန်ဖြူများ ဈေးနှုန်း အဆမတန် ထိုးတက်နေ

Spread the love

မြစ်ကြီးနားမြို့တွင် တရုတ်ကြက်သွန်ဖြူများ ဈေးနှုန်း အဆမတန် ထိုးတက်နေ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၈ (၂၀၂၃)

မြစ်ကြီးနားမြို့ပေါ် တွင် ယခုလအတွင်း တရုတ် ကြက်သွန်ဖြူများဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း ဈေးသည်များထံမှ သိရသည်။

တိုက်ပွဲများကြောင့် တရုတ် – မြန်မာ ကုန်သွယ်ရေး ဂိတ်များ ပိတ်ထားသည့်အတွက် တရုတ်ဘက်မှ ကုန်စည်များ အဝင်မရှိ၍ လက်ရှိအချိန်တွင် တရုတ် ကြက်သွန်ဖြူဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း မြစ်ကြီးနားမြို့ဈေးသည် တစ်ဦးကပြောသည်။

“ကျွန်မတို့ မြစ်ကြီးနားက ကံပိုင်တည်နယ်စပ်ကနေ မှာတာ နည်းတယ်။ ရှမ်းပြည်နယ် တရုတ် – မြန်မာ နယ်စပ်ဂိတ်ဘက်က ကုန်စည်တွေကို အများဆုံး ပြန်ယူရောင်းကြတာများတယ်။ အခု အဲ့ဒီဘက်မှာ တိုက်ပွဲတွေဖြစ်တော့ တရုတ်ဘက်က ဝင်တဲ့ ကုန်စည်မရှိတဲ့ အခါကြတော့ လက်ကျန် ကုန်စည်တွေ ဈေးတက်တာ ဟုတ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် တရုတ်ကြက်သွန်ဖြူအစား မြန်မာကြက်သွန်ဖြူများကို ပြန်လည် ဝယ်ယူလာကြောင်း သိရသည်။

“မြန်မာကြက်သွန်ဖြူက အလုံးသေးတယ် ဈေးပိုတယ်။ အဲ့တော့ တရုတ်ကြက်သွန်ဖြူကို အရင်က အဝယ်များတယ်။ အခုတော့ မြန်မာကြက်သွန်ဖြူ ထက် တရုတ်ကြက်သွန်က ဈေးမြင့်သွားတော့ ဈေးသက်သာတာကို ပြန်ဝယ်လာကြတာပေါ့” ဟု ၎င်းက ဆိုသည်။

ယခင်က မြစ်ကြီးနားမြို့ပေါ်တွင် တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၉၀၀၀) ကျော် ဖြင့် ရရှိနိုင်သော်လည်း လက်ရှိ တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျင် (၂၀၀၀၀) ကျပ်၊ မြန်မာကြက်သွန်ဖြူ (၁၂၀၀၀) ကျပ် ဖြင့် ရောင်းချနေကြကြောင်း သိရသည်။

မြန်မာပြည်အတွင်းက နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းများကြောင့် ကုန်စည်ပို့ဆောင်ရေး လမ်းတံတားများ ပျက်စီးခြင်း၊ ဂိတ်များ မကြာခဏ ပိတ်ခြင်းများ ဖြစ်နေ၍ ကုန်စည်ယာဉ်များ အချိန်ကြန့်ကြာ၍ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်ခ ဈေးနှုန်းမြင့်တက်လာခြင်းများနှင့် ကုန်စည်ပစ္စည်းများ ပျက်စီးမှုနှုန်းများပြားလာ၍ အခြေခံစားသောက်ကုန်စည်များ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။