Trending Now

မြစ်ကြီးနားမြို့ပေါ် ၃နေရာတွင် အခမဲ့ယူစားနိုင်သည့် Food Box များ ထားရှိ

Spread the love

မြစ်ကြီးနားမြို့ပေါ် ၃နေရာတွင် အခမဲ့ယူစားနိုင်သည့် Food Box များ ထားရှိ

EPN
မြစ်ကြီးနား၊ဇူလိုင် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ၃ နေရာတွင်  မည်သူမဆို အခမဲ့ယူစားနိုင်သည့် Food Box များ ထားရှိပြီ ဖြစ်ကြောင်း အလှူရှင်များထံမှ သိရသည်။

အဆိုပါ Food Box များကို ယမန်နေ့က စတင်၍ မြစ်ကြီးနားမြို့၊ ကမ်းနားလမ်းရှိ ပြည်သူ့အားကစားကွင်းတွင် ၁နေရာ၊ ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ပြည်သူ့ဆေးရုံနှင့် စိမ်းမြဧရာ ပန်းခြံတို့၌ ၁နေရာစီ ထားရှိပြီး စုစုပေါင်း ၃နေရာတွင် ထားရှိခဲ့ပြီ ဖြစ်ကြောင်း အလှူရှင် တစ်ဦးဖြစ်သည့် ဒေါ်ရူပ ကပြောသည်။

“ကျွန်မတို့ မနေ့က စထားပါပြီ။ တစ်နေ့ကို နှစ်ကြိမ်ထားပါမယ်။ မနက် ဆယ်နာရီမှာတစ်ကြိမ်။ ည နေ သုံးနာရီမှာ တစ်ကြိမ် ထားပါမယ်။ လောလောဆယ် မုန့်နှင့် ရေသန့်ဗူးလေးတွေထားပါတယ်”ဟု ဒေါ်ရူပက ပြောသည်။

Food Box ထားရှိသည့် အလှူ ရှင်များအနေဖြင့် လက်ရှိအသင်း ခုနှစ်သင်းဖွဲ့စည်းထားရှိပြီး ယခုထားရှိသည့် ၃ နေရာအပြင် ဆင်းရဲနွမ်းပါးသူများနဲ့ ချို့တဲ့သူများ လှုပ်ရှားသွားလာသည့် နေရာများတွင်လည်း အခမဲ့ ယူငင်စားသုံး နိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
“ကျွန်မတို့လောလောဆယ်အသင်း ခုနှစ်သင်းဖွဲ့ထားတယ် တစ်ရက်ကို တစ်သင်း အလှည့်ကျစီပေါ့။ ရေရှည်ခိုင်မြဲအောင်လို့ပါ။ ကျွန်မတို့အနေနဲ့ ဒီမြို့နဲ့အလှမ်းဝေးတဲ့နေရာ ချို့တဲ့ တဲ့နေရာတွေမှာ ဒီBoxနဲ့ ပတ်သက်ပြီး အစားအသောက်ဘဲမဟုတ်ဘဲနဲ့ ဆေးဝါးတွေကျောင်းတွေမှာ စာအုပ်ဘောပင်တွေ လှူ ဒါန်းထားရှိသွားဖို့ရှိပါတယ်”ဟု ဒေါ်ရူပက ဆက်ပြောသည်။

Food Box များ တွင် အလှူ ရင်များအနေဖြင့် ”ကင်မရာကို အိမ်မှာထားခဲ့ပါ”ဟူသည့် စာတမ်းကို ရေးထားပြီး ယင်းစာသားနှင့်ပတ်သက်၍ ဒေါ်ရူပကယခုကဲ့သို့ ဆိုသည်။

“ဒီစာသားလေးက တခြားမြို့မှာဖြစ်နေတဲ့ ပြသာနာတွေပေါ့ ဓာတ်ပုံရိုက်ပြီး Face Bookမှာ တင်တာတို့။ ဆိုရှယ်မီဒီယာမှာ ရှယ်တာတို့ဖြစ်နေတယ်လေ၊ အဲ့တော့လာယူတဲ့သူက သိက္ခာကျတာပေါ့ ဒီမုန့်လေးတစ်ခုစားပြီးမှ အဲ့ဒီလိုတွေတင်ခံရတယ်ဆိုတော့ သူတို့လဲ အရှက်ရကြမှာစိုးလို့  ဒါကြောင့်ကျွန်မတို့ကမေတ္တာရပ်ခံတဲ့အနေနဲ့ လာယူစားတဲ့သူတွေကို ဓာတ်ပုံမရိုက်ပေးဖို့ ကပ်ထားတာပါ”ဟု ၎င်းကပြောသည်။

ယခုထားရှိခဲ့သည့် Food Box များမှာ အလျား ၃ပေ၊ အမြင့် ၄ပေ ခန့်ရှိပြီး တစ်ရက် လျှက် ၂ ကြိမ် မုန့်နှင့် ရေသန့်ဘူးများ၊ အချိုရေများ ပြန်လည်ဖြည့်တင်းပေးသွားမည် ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက် ယူငင်စားသောက်နိုင်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။