Trending Now

မူလတန်းပြ ဆရာမတစ်ဦးအား သံပိုက်ဖြင့် ရိုက်နှက်ခံရသဖြင့် အရေးပေါ် ဆေးရုံတင်ရ

Spread the love

မူလတန်းပြ ဆရာမတစ်ဦးအား သံပိုက်ဖြင့် ရိုက်နှက်ခံရသဖြင့် အရေးပေါ် ဆေးရုံတင်ရ

EPN
ဘိုကလေး၊ မတ်လ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုး ကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ တစ်ဦးအား လူငယ်တစ်ဦးက ဦးခေါင်းကို သံပိုက်ဖြင့်ရိုက်နှက်လိုက်သည့်အတွက် ‌အရေးပေါ် ဆေးရုံတင်ထားရသည်ဟု သိရသည်။

ရိုက်နှက်ခံခဲ့ရသည့် ဆရာမသည် ရေကျော်တိုးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြ ဆရာမ *** ဆိုသူဖြစ်ပြီး ရွာသာအေးရွာက မိုးသောက်ကြယ်ဆိုသူ အမျိုးသားမှ မတ်လ ၆ ရက် ညပိုင်းက ကျောင်းဆရာမ သီးသန့် ဝန်ထမ်းအိမ်ယာကို လာရောက်စဉ် အဖော်ဆရာမများ အပြင် သွားနေခြင်းကြောင့် အမျိုးသမီးတစ်ဦးတည်း ရှိနေ၍ မလာသင့်ကြောင်း ပြောဆိုတားမြစ်တာကို လက်မခံဘဲ ဆရာမအား ဦးခေါင်းကို သံပိုက်ဖြင့်ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

”ဆရာမကျောင်းဝန်းထဲက ဝန်ထမ်းနေအိမ်မှာ တစ်ယောက်ထဲရှိနေချိန် မိုးသောက်ကြယ်က လာရောက်တာကို ဆရာမက မလာဖို့ ပြောဆိုတားမြစ်ခဲ့တာပါ။ အဲ့ဒါကိုမကျေနပ်လို့ ရိုက်နှက်ခဲ့တာ။ သံပိုက်နဲ့ရိုက်ခံရတာ။ ဆရာမ ကို ရိုက်နှက်တဲ့ မိုးသောက်ကြယ်ဆိုသူက ရေကျော်တိုးကျေးရွာ အထက်တန်းကျောင်းမှာ ကိုးတန်းတက်ရောက်ဖူးသူ ကျောင်းသားပါ။ အထက်တန်းကျောင်း မရောက်ခင် ရွာသာအေးကျေးရွာ မူလတန်းကျောင်းမှာ ဆရာမ*****က သူ့ကို ပညာသင်ပေးဖူးတယ်”ဟု အဆိုပါ ကျေးရွာက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ သံပိုက်ရိုက်နှက်ခံရခြင်းကြောင့် ဆရာမ**** သည် ဦးခေါင်း ပြင်းထန်ဒဏ်ရာရခဲ့၍ ဘိုကလေးမြို့ပြည်သူ့ဆေးရုံတွင် အရေးပေါ် ဆေးကုမှုခံရနေကြောင်း သိရသည်။

အဆိုပါရိုက်နှက်မှုဖြစ် စဉ်နှင့် ပတ်သက်၍ ရိုက်နှက်မှုကျူးလွန်သူ မိုးသောက်ကြယ်ကို ဘိုကလေးမြို့နယ် စက်ဆန်းနယ်မြေ ရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်အရေး ယူထားကြောင်း ရဲစခန်းက အတည်ပြုသိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။