Trending Now

ရာသီဥတုဖောက်ပြန်မှုကြောင့် အာရှအပူလှိုင်း အဆ ၃၀ ပိုဖြစ်နိုင်ချေရှိလာ

Spread the love

ရာသီဥတုဖောက်ပြန်မှုကြောင့် အာရှအပူလှိုင်း အဆ ၃၀ ပိုဖြစ်နိုင်ချေရှိလာ

EPN
နိုင်ငံတကာ၊ မေ ၂၀

ရာသီဥတုဖောက်ပြန်မှုကြောင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် ပြီးခဲ့သည့်လက စံချိန်တင်သေစေနိုင်သည့် အပူလှိုင်းများ အဆ ၃၀ ထက်မနည်း ပိုမိုဖြစ်ပွားခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ (မေလ ၁၇ ရက်) တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။

အိန္ဒိယနိုင်ငံ ပြည်နယ်အချို့တွင် ဧပြီလလယ်က အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ခဲ့ပြီး တစ်ရက်တည်းတွင် အပူဒဏ်ကြောင့် မွမ်ဘိုင်းအနီးတွင် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့သည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင်းလည်း နှစ်ပေါင်း ၆၀ နီးပါးအတွင်း အပူဆုံးနေ့ကို ခံစားခဲ့ရပြီး လူအများအပြား ဆေးရုံတင်ခဲ့ရသည်။

ထိုင်းနိုင်ငံ တာ့ခ်မြို့တွင် အမြင့်ဆုံးအပူချိန် ၄၅.၄ ဒီဂရီစင်တီဂရိတ်နှင့် လာအိုနိုင်ငံ စိန့်ရာဘူလီ ပြည်နယ်တွင် ၄၂.၉ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်ခဲ့ကြောင်း World Weather Attribution အဖွဲ့၏ လေ့လာချက်က ဆိုသည်။

ထိုင်းနိုင်ငံတွင် သေဆုံးသူ နှစ်ဦးရှိကြောင်း သတင်းရရှိသော်လည်း ပြင်းထန်သော အပူရှိန်ကြောင့် ဆေးရုံတင်ထားရသူတွေ များပြားလာပြီး ဆင်းရဲနွမ်းပါးပြီး အဆိုးရွားဆုံး ထိခိုက်နိုင်သော အခြေခံလူတန်းစားများကြောင့် သေဆုံးသူ အရေအတွက် ပိုများဖွယ်ရှိသည်ဟု ဆိုသည်။

“ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အလုံးစုံကို ရပ်တန့်မသွားစေမီအထိ၊ ကမ္ဘာ့အပူချိန်များ ဆက်လက်တိုးလာမည်ဖြစ်ပြီး ယင်းကဲ့သို့ ဖြစ်ရပ်များ ပိုမိုမကြာခဏနှင့် ပြင်းထန်လာလိမ့်မည်” ဟု WWA ၏ အစီရင်ခံစာက ဖော်ပြထားသည်။

ယခင်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရာစုနှစ်တစ်ခုလျှင်တစ်ကြိမ်သာ ဖြစ်ပွားလေ့ရှိသည့် အပူလိုင်း အဖြစ်အပျက်များသည် ယခုအချိန်တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ငါးနှစ်လျှင် တစ်ကြိမ်ခန့်ဖြစ်ပေါ်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိထားသည်။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။