Trending Now

ဧရာဝတီမြစ်ကြောင်းအတွင်း တရားမဝင် ရွှေတူးဖော်နေသူများအား ထပ်မံ ဖမ်းဆီးသွားမည်

Spread the love

ဧရာဝတီမြစ်ကြောင်းအတွင်း တရားမဝင် ရွှေတူးဖော်နေသူများအား ထပ်မံ ဖမ်းဆီးသွားမည်

EPN
မြစ်ကြီးနား ၊မတ် ၂၉

ကချင်ပြည်နယ် မြစ်ကြီးနားအတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေ တူးဖော်နေသူများကို ထပ်မံဖမ်းဆီးသွားရန် စီစဉ်လျက်ရှိကြောင်း ကချင်ပြည်နယ် သတ္တုတွင်း ဦးစီးရုံးနရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က မြစ်ကြီးနားမြို့နယ် အတွင်း သက်ဆိုင်တာဝန်ရှိသူများက ဧရာဝတီမြစ်‌ကြောင်းတစ်‌လျှောက်ရှိ လမုန်ဇွပ်၊တယန်ဇွပ် အာလံ စသည့်နေရာများတွင် တရားမဝင် ရွှေတူးနေသူများအား ဝင်ရောက်ဖမ်းဆီးရာ လုပ်သားများကို ဖမ်းမိခဲ့ခြင်းမရှိသော်လည်း ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်ယန္တရားများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“မတ်လ ၂၅ရက်နေ့က နယ်မြေစစ်ကျောင်းနဲ့အဖွဲ့အစည်းတွေ သယံဇာတရေးရာ ဝန်ကြီးဦးဆောင်ပြီး ဖမ်းဆီးတာတွေရှိခဲ့တယ် နောက်ပြီးတော့ လက်ရှိအချိန်မှာ မြစ်ကျောင်းတွေ ပျက်စီးမှုတွေမရှိအောင်ထိန်းသိမ်းမှုပြုလုပ်တဲ့အနေနဲ့ ထပ်မံဖမ်းစီးမှုတွေပြုလုပ်အုန်းမှာဖြစ်တယ်”ဟု ကချင်ပြည်နယ် သတ္တုတွင်း ဦးစီးရုံးနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်ကလည်း ပြည်နယ် သယံဇာတနဲ့ပတ်သတ်ပြီး ကျိန်စာသင့်ဒေသ မဖြစ်စေရန်အတွက် ပြုပြင်ထိန်းသိမ်းရန် ပြီးခဲ့သည့် ရက်ပိုင်းက သွားရောက်ခဲ့သည့် ပန်ဝါခရီးစဉ်တွင် ပြောဆိုထားသည်။

“လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ဘယ်နေရာဘယ်မြို့ကိုပဲရောက်‌ရောက် ကိုယ့်ပြည်နယ်အတွင်းက နေရာတွေဟာ ကိုယ့်ဒေသပဲဖြစ်တယ် ဒါကြောင့် အကောင်းဆုံး တာဝန်ထမ်းဆောင်ပေးကြဖို့နဲ့ ကချင်ပြည်နယ်ရဲ့ သယံဇာတနဲ့ပတ်သတ်ပြီး ကျိန်စာသင့်တဲ့ ဒေသမဖြစ်ဖို့အရေး ဒီနေ့ဒီအချိန်ကစပြီး ပြုပြင်စရာရှိတာပြုပြင်ကြဖို့ လုပ်စရာရှိတာလုပ်ကြ ထိန်းသိမ်းစရာရှိတာ ထိန်းသိမ်းဖို့လိုမယ်”ဟု ၎င်းက ပြောဆိုထားသည်။

ကချင်ပြည်နယ်အတွင်း၌ ယခင်အစိုးရလက်ထက်က သယံဇာတတူးဖော်ရေးအနေဖြင့် ပြည်နယ်အဆင့် ချမှတ်ပေးထားသည့် အသေးစားအလတ်စား၊လက်လုပ်လက်စား စသည့် လုပ်ငန်းများနှင့် စမ်းသပ်တူးဖော်ရေးလုပ်ငန်း လုပ်ကွက်ပေါင်း ၄၂၃ကွက် ချထားပေးကြောင်း သတ္တုတွင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။