Trending Now

စက်မှုလုပ်ငန်းများအပေါ် မှီခိုနေရသည့် လျှပ်စစ်ထုတ်လုပ်မှု ကုန်ကျစရိတ်

Spread the love

စက်မှုလုပ်ငန်းများအပေါ် မှီခိုနေရသည့် လျှပ်စစ်ထုတ်လုပ်မှု ကုန်ကျစရိတ်

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၅ရက်

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းကနေ အခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်ကနေ နှစ်စဥ်စိုက်ထုတ်၍ လျှပ်စစ်ဓာတ်အား ပေးနေခြင်းဖြစ်ပြီး စက်မှုလုပ်ငန်းသုံးများမှသာ ထုတ်လုပ်မှု ကုန်ကျ စရိတ်ကို ကာမိနိုင်တာဖြစ်တယ်လို့ လျှပ်စစ်ဋ္ဌာနက ထုတ်ပြန်ချက်တစ်ခု တွေ့ရပါတယ်။ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း အနေနဲ့လည်း စက်မှုလက်မှု လုပ်ငန်းတွေကို အမှီပြုရသလို စက်မှုလက်မှု လုပ်ငန်းတွေကလည်း လျှပ်စစ်ကိုအမှီပြုပြီး လည်ပတ်နေရတာပါ။

ပြည်နယ်တစ်ခု ဖွံ့ဖြိုးဖို့အတွက် ဆိုရင်လည်း စက်မှုလက်မှု လုပ်ငန်းတွေက အရေးပါသလို လျှပ်စစ်မီးကလည်း မရှိမဖြစ် အရေးကြီးလှပါတယ်။ စက်မှုလက်မှု ဖွံ့ဖြိုးရေးအတွက် ဆိုရင်လည်း ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှသာလျင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု မြင့်တက်လာမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှသာလျင် စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ထို့အတူလျှပ်စစ်မီးကလည်း ပြင်ပရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာဖို့အတွက် အရေးပါလှတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အခုလိုအကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ လျှပ်စစ်ဓာတ်အားပေး ဓာတ်ငွေ့ပိုက်လိုင်းတွေကို မိုင်းခွဲတာတွေ၊ လျှပ်စစ်တာဝါတိုင်တွေ ဖျက်စီးတာတွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ အဟန့်အတား တစ်ခုဆိုရင်လည်း မမှားပါဘူး။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ခြင်းလုပ်ငန်းမှာ သဘာဝဓာတ်ငွေ့သုံး စက်ရုံများက စုစုပေါင်းတပ်ဆင်အင်အား ၂၅၅၄ မဂ္ဂါဝပ်၊ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတစ်ရုံက စက်တပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ်၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၈ ရုံမှ စက်တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ်၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၂ ရုံမှ တပ်ဆင်အင်အား ၇၀ မဂ္ဂါဝပ်၊ LNG သုံး ဓာတ်အားပေးစက်ရုံ ၂ ရုံကနေ သာကေတ၊ သီလဝါ တပ်ဆင်အင်အား ၈၉၄ မဂ္ဂါဝပ်တို့နှင့် ဓာတ်အားထုတ်လုပ်ပေးလျက်ရှိရာမှာ စုစုပေါင်းတပ်ဆင်အင်အား ၆၈၆၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိဓာတ်အား ထုတ်လုပ်မှုမှာ ၂၈၄၈ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပါတယ်။

ဓာတ်အားပေးစက်ရုံတွေက ထုတ်လုပ်ပေးနေတဲ့ ဓာတ်အားတွေကို ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများ၌ လည်းကောင်း၊ ၆၆ ကေဗွီ ဓာတ်အားလိုင်းများ၌ လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းသို့ ဓာတ်အားသယ်ယူ ပို့လွှတ်ပေးလျက် ရှိပါတယ်။ မဟာဓာတ်အားလိုင်းများနဲ့ ပို့လွှတ်သယ်ဆောင်လာတဲ့ ဓာတ်အားလိုင်းတွေကို ဓာတ်အားခွဲရုံများမှာ အဆင့်ဆင့်ဗို့အား လျော့ချပြီးတော့ ဗို့အားနိမ့် ဓာတ်အားလိုင်းများကနေ အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိတာဖြစ်ပါတယ်။

ဒီနေရာမှာတစ်ခု သတိထားမိတာက မီတာခနှုန်းထားများပါပဲ။ အိမ်သုံးမီတာတွေကို အရှုံးခံဖြန့်ဖြူးပေးပြီးတော့ စက်မှုလုပ်ငန်းတွေကနေရတဲ့ မီတာခတွေကြောင့်သာ ထုတ်လုပ်မှုစရိတ်ကို ကာမိတာဖြစ်တယ်လို့ လျှပ်စစ်ဋ္ဌာနက ထုတ်ပြန်ထားပါတယ်။ မီတာခနှုန်းထားတွေကလည်း သုံးစွဲပုံအလိုက် နှုန်းထားတွေ မတူညီကြပါဘူး။

အများပြည်သူကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက တစ်ယူနစ်ဓာတ်အားထုတ်လုပ်ရေး ကုန်ကျစရိတ်မှာ ကျပ် ၁၁၀ကနေ ၁၁၅ ကျပ်ခန့်အတွင်း ကုန်ကျလျက်ရှိပြီးတော့ အများပြည်သူအတွက် အိမ်သုံးမီတာခများမှာ ၃၅ကျပ်၊ ကျပ် ၅၀၊ ကျပ် ၇၀၊ ကျပ် ၉၀၊ ကျပ် ၁၁၀၊၁၂၀ ကျပ်၊ ၁၂၅ ကျပ် စတဲ့ အလွှာလိုက် စနစ်များနှင့် လည်းကောင်း၊ စက်မှု လုပ်ငန်းသုံးများကို ၁၂၅ ကျပ်၊ ၁၃၅ ကျပ်၊ ၁၄၅ ကျပ်၊ ၁၅၅ ကျပ်၊၁၆၅ ကျပ်၊ ၁၇၅ ကျပ်၊ ကျပ် ၁၈၀ စတဲ့ ယူနစ်အလွှာ စနစ်များနှင့် လည်းကောင်း ဖြန့်ဖြူးရောင်းချပေးလျက် ရှိရာမှာ စက်မှုလုပ်ငန်းသုံးများမှသာ ထုတ်လုပ်မှု ကုန်ကျ စရိတ်ကို ကာမိနိုင်တာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားက တစ်ယူနစ် ထုတ်လုပ်ရောင်းချငွေမှာ မီးသုံးစွဲသူ အခြေခံလူတန်းစားများ သုံးစွဲနိုင်ဖို့ အခြေခံပြီးတော့ ရောင်းချပေးခြင်းဖြစ်တဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိခြင်းမရှိတဲ့အပြင် ကိုဗစ်ကာလ ဓာတ်အားခများ လျော့ပေါ့ ခွင့်ပြုပေးထားတဲ့အတွက် အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ နှစ်စဥ်နိုင်ငံတော်က စိုက်ထုတ်ကျခံ ပေးလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အနေနဲ့ ကျပ် ၅၅၀ ဘီလီယံခန့် စိုက်ထုတ်ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးက စက်မှုလက်မှု လုပ်ငန်းတွေပေါ်မူတည်နေတဲ့အတွက် စက်မှုလက်မှု လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့မယ်ဆိုရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် များစွာ အခက်အခဲ ဖြစ်စေမှာပါ။ နိုင်ငံရေး မငြိမ်သက်မှု တွေကလည်း စက်မှုလက်မှုလုပ်ငန်းတွေကို များစွာထိခိုက်မှု ရှိစေခဲ့ပါတယ်။ ယခုလိုမျိုး ကိုဗစ်ရောဂါဖြစ်ပွားမှုကနေ နိုင်ငံရေးမငြိမ်မသက်မှုတွေ ဖြစ်ပွားခဲ့တဲ့ကာလ တစ်လျှောက်မှာလည်း ကဏ္ဍအစုံကို ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေခဲ့တာပါ။ လျှပ်စစ်ကဏ္ဍ အခုထက် ပိုမိုဖွံ့ဖြိုးနိုင်ဖို့အတွက်ဆို စက်မှုလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာဖို့ လိုအပ်ပါတယ်။ အခုကာလမှာလည်း နိုင်ငံရေး ပယောဂတွေကြောင့် မီတာခမဆောက်ကြတဲ့ သူတွေလည်း ရှိနေတဲ့အတွက် လျှပ်စစ်အခက် ကာလလို့တောင် ဆိုရမလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ရရှိတဲ့ အိမ်ထောင်စုပေါင်း ၆၇၁၈၄၂၂ ရှိပြီး ရာခိုင်နှုန်းအားဖြင့်တော့ ၆၁ ဒသမ ၆၉ ရာခိုင်နှုန်းခန့်သာ မီးလင်းပေးနိုင်ပေမယ့်လည်း ဝေးလံခေါင်ပါးတဲ့ ကျေးလက်နေပြည်သူများ အိမ်ထောင်စုပေါင်း ၄၁၇၁၇၀၄ စုမှာ လျှပ်စစ်ဓာတ်အား မရရှိသေးပါဘူး။ နိုင်ငံတော်အနေနဲ့ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ၁၀၀ ရာခိုင်နှုန်း ရရှိစေရေး၊ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိစေရေး စီမံချက် ရေးဆွဲပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ အများပြည်သူ သုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားခမှာ မိမိတို့ သုံးစွဲမှုအပေါ် ပေးရန်ရှိ ဓာတ်အားခသာဖြစ်ပြီး အခွန်ငွေ မဟုတ်တဲ့အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံမှ လျှပ်စစ်ဓာတ်အားခ ရရှိမှသာ နိုင်ငံတော်မှ ဆက်လက်ဆောင်ရွက်ရမယ့် စီမံကိန်းများအတွက် ပြည်ထောင်စုရန်ပုံငွေမှတစ်ဆင့် မီးမရရှိသေးတဲ့ ကျေးလက်ဒေသများ၊ မီးလင်းရေးလုပ်ငန်းနှင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားလိုအပ်ချက်များ အတွက် အခြေခံအဆောက်အဦးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ၊ ဗို့အားပြည့်နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းများနဲ့ ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း စတဲ့အခြေခံ အဆောက်အဦးများ တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေရာမှာ ပြောစရာ တစ်ချက်ရှိတာက မီတာခတွေကို ကောက်ခံတဲ့နေရာပါပဲ။ မီတာခမပေးဆောင်တဲ့အတွက် တစ်ချို့နေရာတွေမှာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်တဲ့ သတင်းတွေ တွေ့နေရတာပါပဲ။ ဒီကာလက ပြည်သူတွေမှာလည်း တကယ်ခက်ခဲတဲ့ ကာလဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် ပြေလည်စေမယ့် နည်းလမ်းကို စဥ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူတွေအတွက် အရေးတကြီး အားထားစရာဆိုလို့ လျှပ်စစ်မီးပဲ ရှိတော့တာပါ။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိမှု၊ သုံးစွဲနိုင်မှုဟာ အထူးပင် အရေးကြီးတဲ့အပြင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆောက်အဦး ဖြစ်တဲ့အတွက် အများပြည်သူများအနေနဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း အဓိကနဲ့သာမည ကို ခွဲခြားတတ်ဖို့ လိုအပ်လာပါပြီ။ လျှပ်စစ်ဓာအားရရှိဖို့ဆိုရင် လည်ပတ်နိုင်ဖို့ စွမ်းအားရှိဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဒီစွမ်းအားကလည်း ပြည်သူတွေရဲ့ လက်ထဲမှာသာ တည်ရှိနေတာပါ။

ကောင်းဇေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။