Trending Now

မအူပင်မြို့တွင် ကုန်တင်ကုန်ချ လုပ်သားဦးရေ ၅၀၀ ကျော်အလုပ်လက်မဲ့ဖြစ်လာ၍ စားဝတ်နေရေးအခက်အခဲဖြစ်

Spread the love

မအူပင်မြို့တွင် ကုန်တင်ကုန်ချ လုပ်သားဦးရေ ၅၀၀ ကျော်အလုပ်လက်မဲ့ဖြစ်လာ၍ စားဝတ်နေရေးအခက်အခဲဖြစ်

EPN
မအူပင် ၊ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင်ကုန်တင်ကုန်ချ လုပ်သားဦးရေ ၅၀၀ ကျော်အလုပ်လက်မဲ့ဖြစ်လာ၍ ယခုလအစောပိုင်းမှစတင်ပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေကြကြောင်း မအူပင်မြို့ရှိ ကုန်တင်ကုန်ချလုပ်သားများထံမှသိရသည်။

”အလုပ်လက်မဲ့ဖြစ်လာတာနှစ်ပတ်နီးပါးလောက်ရှိ နေပါပြီ၊ကုန်တွေအတင်အချမလုပ်ရတော့ အလုပ်မရှိဖြစ်နေတာ၊အလုပ်မရှိတော့ စားရေးသောက်ရေးကအစအခက်အခဲရှိလာတယ်၊ အခြားအလုပ်တစ်ခုလုပ်ရဖို့ဆိုတာကလည်းဒီကာလမှာ အတော့်ကိုအခက်အခဲရှိနေတယ်။” ကုန်တင်ကုန်ချလုပ်သားခေါင်းဆောင်တစ်ဦးကပြောသည်။

မအူပင်မြို့နယ်အတွင်း လက်ရှိအချိန်တွင် နိုင်ငံရေးအခြေအနေများနှင့်အခြား အကြောင်းရင်းများကြောင့် မအူပင်မြို့မှ အခြားမြို့များသို့ ပို့ဆောင်ရသည့်ကုန်စည်းများမရှိသလောက်ဖြစ်နေသဖြင့် ကုန်တင်ကုန်ချလုပ်သားများမှာ အလုပ်လက်မဲ့ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

ယခင်ကာလများတွင် မအူပင်မြို့မှ ထွက်ရှိသည့် ဆန်၊စပါး၊ဆား၊ဆီ၊ငါး၊ငါးခြောက်ငါးရှဉ့်နှင့်အခြားလူသုံးကုန်ပစ္စည်းများကို ရန်ကုန်၊ကျိုက်လတ်၊ညောင်တုန်း၊ မော်လမြိုင်ကျွန်း၊ကျုံမငေး၊ပြင်စလူ၊ဒေးဒရဲ၊ကျိုက်လတ်၊ဘိုကလေး၊လပွတ္တာစသည့်မြို့များသို့ တင်ပို့ခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

အလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူတစ်ဦးက”အလုပ်သမားတွေ အလုပ်လက်မဲ့နှုန်းတွေတက်နေတယ်၊ နောက်အလုပ်ပြောင်းဖို့ကခက်ခဲနေတယ်၊ အလုပ်အကိုင်သစ်တွေကလည်းမရှိသလောက်ရှားပါးတော့ အလုပ်သမားတွေ နှစ်နာတယ် ဒါတွေကို အဆင်ပြေချောမွေအောင် အလုပ်သမား၊အလုပ်ရှင် သက်ဆိုင်ရာတွေကပေါင်းလုပ်သင့်တယ်” ဟု ပြောသည်။

မအူပင်မြို့နယ်တွင် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပွားလာပြီးနောက်ပိုင်း ကုန်တင်ကုန်ချလုပ်သားများအပြင် အသေးစားလုပ်ငန်းများမှ စက်ရုံလုပ်သားစုစုပေါင်း လုပ်သားဦးရေ ၁၅၀၀ ခန့်အထိအလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။