Trending Now

တနိုင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စာကျက်ချိန် ပိုမိုရရှိစေရန် မီးပေးချိန် တစ်နာရီခွဲ တိုးမြှင့်ပေးထား

Spread the love

တနိုင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စာကျက်ချိန် ပိုမိုရရှိစေရန် မီးပေးချိန် တစ်နာရီခွဲ တိုးမြှင့်ပေးထား

EPN

တနိုင်း ၊မတ် ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စာကျက်ချိန် ပိုမိုရရှိစေရန်အတွက် မီးစက်ဖြင့် မီးပေးချိန် တစ်နာရီခွဲ ထပ်မံတိုးမြှင့်ပေးထားကြောင်း တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

တနိုင်မြို့တွင် လျှပ်စစ်မီးကို မဟာဓါတ်အားလိုင်းမှ ရရှိခြင်းမရှိသေးသည့်အတွက် မီးလင်းရေးကော်မတီများမှ ဦးဆောင်၍ ကျေးရွာ ရပ်ကွက်များအတွင်း ညအချိန် ၇ နာရီမှ ၁၀ နာရီအထိ မီးစက်မီးဖြင့် ဖြန့်ဝေပေးနေခြင်း ဖြစ်သည်။

ယခုအခါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နီးကပ်လာသည့်အတွက် မီးပေးချိန်ကို ယမန်နေ့မှ စတင်ကာ တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးမည့် ဧပရယ် ၉ ရက်နေ့အထိ နံနက် ၄ နာရီမှ ၅ နာရီခွဲ အချိန်ကို မီးစက်မီးဖြင့် တိုးမြှင့်မောင်းပေးသွားမှာဖြစ်ကြောင်း တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့ မြို့နယ်က မီးမရရှိသေးဘူး။ ဒါကြောင့် အခုစာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်သူတွေ အတွက် မီးစက်သုံးလုံးနဲ့ မနက်၄နာရီကနေ ၅နာရီခွဲလောက်ထိ မောင်းပေးသွားမှာဖြစ်တယ်တယ်။ ဒါက ကျောင်းသားတွေစာကြည့်ချိန်အတွက် လုပ်ပေးတာဟုတ်တယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ မီးပေးချိန် တိုးမြှင့်မှုကြောင့် တစ်ရက်လျှင် ဒီဇယ်ပေပါ နှစ်ပေပါခန့် ကုန်ကျမှာဖြစ်ပြီး ယင်းကုန်ကျစရိတ်အတွက် ရပ်မိရပ်ဖ၊ မီးလင်းရေးကော်မတီများနှင့် နိုင်ငံတော်အစိုးရတို့မှ ပေါင်းစပ်၍ အကုန်အကျခံ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

“ဒီနှစ်အတွက်ကတော့ ကျောင်းသားတွေအတွက် မိဘတွေလည်း စိတ်ပူရတယ်။ သွားရေးလာရေး နောက်ပြီးကြပ်တည်းမှုတွေရှိကြတယ်။ အရင်နှစ်ကထပ် စာကျက်ချိန်ပိုရအောင် နာရီပိုပေးပြီး မီးမောင်းပေးတော့ ကျေးဇူးတင်ပါတယ်”ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

တနိုင်းမြို့တွင် ဘ.က ကျောင်း အပါအဝင် အခြေခံပညာအထက်တန်း၊အလယ်တန်းနှင့် မူလတန်းကျောင်း စုစုပေါင်း (၃၇)ကျောင်းရှိပြီးယင်းထဲမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်သူ စုစုပေါင်း (၅၂၀) ဦးရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။