Trending Now

Facebook Group များတွင် ခွဲစိတ်ရမည့်လူနာများ၊ ဆင်းရဲနွမ်းပါးသည့် ကိုယ်ဝန်သည်များ ကလေးငယ်ပုံများ ပြသ၍ လိမ်လည်အလှူခံမှု များပြားလာ

Spread the love

Facebook Group များတွင် ခွဲစိတ်ရမည့်လူနာများ၊ ဆင်းရဲနွမ်းပါးသည့် ကိုယ်ဝန်သည်များ ကလေးငယ်ပုံများ ပြသ၍ လိမ်လည်အလှူခံမှု များပြားလာ

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၂၉

Facebook လူမှုကွန်ရက် အသုံးပြုသူများကို ပစ်မှတ်ထား၍ ယခုရက်ပိုင်းအတွင်း Facebook Group များတွင် ခွဲစိတ်ရမည့်လူနာပုံများ၊ ဆင်းရဲနွမ်းပါးသည့် ကိုယ်ဝန်သည်များ ကလေးငယ်ပုံများပြသ၍ Kpay ၊ Wave အကောင့်များမှ လိမ်လည်အလှူခံမှု ဖြစ်စဉ်များ ပိုမိုများပြားလာကြောင်း မြစ်ကြီးနားမြို့ခံများထံမှ သိရသည်။

အဆိုပါ လိမ်လည်အလှူခံသူများမှာ Facebook အကောင့် အသစ်ဖွင့်လှစ်ကာ Facebook ပေါ်ရှိ အရောင်းအဝယ် group များ၊ Online shop group မှာ ၊သက်ဆိုင်ရာမြို့နယ်များရှိ Group များသို့ ဝင်ရောက်ကာ အမှန်တစ်ကယ် လိုအပ်နေသည့် လူနာများ၏ ပုံများကို အသုံးပြုကာ Kpay ၊ Wave အကောင့်များမှတစ်ဆင့် လိမ်လည်နေကြခြင်းဖြစ်သည်။

“ ညီမကတော့ တင်ထားတဲ့ပုံတွေကိုကြည့်ပြီး တစ်ကယ်လိုအပ်နေတဲ့သူထင်လို့ Kapy နဲ့ လွှဲပေးလိုက်မိတာ သူငယ်ချင်တွေက တစ်ကယ်မဟုတ်ဘူးအဲ့လိုမျိုးပဲလိမ်နေကြတာလို့ပြောတဲ့အခါမှ ပြန်ကြည့်တော့ တင်ထားတဲ့ post လည်း မရှိတော့ဘူး ဖုန်းခေါ်တော့လည်း စက်ပိတ်ထားတာတွေ့ရတယ်”ဟု မြစ်ကြီးနားမြို့မှ အသက် ၂၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

လိမ်လည်အလှူခံသူများအနေဖြင့် အလှူငွေ လွှဲပြောင်းမှု ရရှိပြီးနောက် ၎င်းတို့၏ post များကို ပြန်ဖျက်ကာ အခြားအကောင့်များဖြင့် တစ်ခြား group များတွင် ပုံစံတူ ထပ်မံအလှူခံခြင်းများပြုလုပ်လေ့ရှိကြောင်း သိရသည်။

“အရင်ကတော့ တစ်ကယ်လိုအပ်သူထင်လို့ အလှူငွေရအောင် share ပေးတာတွေလုပ်သေးတယ် နောက်ပိုင်းကျ ဒီကောင်တွေ အချောင်ရမှန်းသိလို့ သူများပုံတွေနဲ့လုပ်စားနေကြတာဖြစ်နေတယ် တစ်ယောက်ယောက်က ငွေလွှဲပေးလိုက်ရင် တင်ထားတဲ့ post ပြန်ဖြုတ်ပြီး ဖုန်းက ခေါ်မရတော့ဘူး”ဟု မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

လူမှုကွန်ရက်အသုံးပြု၍ လိမ်လည်သူများမှာ နာမည်ကြီး အဆိုတော်အကောင့်တုများဖွင့်လှစ်၍ လိမ်လည်ခြင်း ဆင်းရဲနွမ်းပါးသည့် လူနာများ၏ ရုပ်ပုံအသုံးပြုကာ လိမ်လည်ခြင်းများအပါအဝင် ချေးငွေကုမ္ပဏီ page များပြုလုပ်၍ အွန်လိုင်းသုံးစွဲသူများကို ပစ်မှတ်ထားလိမ်လည်မှုမှာ တစ်ရက်ထက် တစ်ရက် ပိုမိုများပြား လာခြင်းမှာ ၎င်းတို့ကို ဖမ်းဆီးအရေးယူနိုင်မှု မရှိသည့်အတွက် ယခုကဲ့သို့ လိမ်လည်အလှူခံခြင်းကို ပိုမိုပြုလုပ်လာကြခြင်းဖြစ်ကြောင်း သိရသည်။

အံ့ဘုန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။