Trending Now

ကျောင်းအပ်ချိန် ကျော်လွန်ခဲ့သည့် မြစ်ကြီးနား အဝေးသင် ကျောင်းသား/သူ အချို့ ကျောင်းအပ်နှံခွင့် မရ၍ အခက်တွေ့နေ

Spread the love

ကျောင်းအပ်ချိန် ကျော်လွန်ခဲ့သည့် မြစ်ကြီးနား အဝေးသင် ကျောင်းသား/သူ အချို့ ကျောင်းအပ်နှံခွင့် မရ၍ အခက်တွေ့နေ

EPN
မြစ်ကြီးနား၊ အောက်တိုဘာလ ၁၄ (၂၀၂၃)

မြစ်ကြီးနားတက္ကသိုလ်တွင် ယခုနှစ်အတွင်း အဝေးသင်ပညာ တက်ရောက်မည့် ကျောင်းသား ကျောင်းသူ အချို့အနေဖြင့် ကျောင်းအပ်ချိန်များ ကျော်လွန်ခဲ့ပြီး ကျောင်းအပ်နှံခွင့် မရရှိတော့ သဖြင့် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ကျောင်းသားကျောင်းသူများထံမှ သိရသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ဝေးလံခေါင်ဖျားသည့် ဒေသများမှ ကျောင်းသားကျောင်းသူများမှာ အင်တာနက်လိုင်းများ မရရှိခြင်း၊ ဆက်သွယ်ရေးများ ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားသည့် ကျောင်းအပ်ချိန်များတွင် လာရောက် အပ်နှံနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်ကြောင်း အဝေးသင်ကျောင်းသား တစ်ဦးက ပြောသည်။

“ကျနော်ကတော့ မြို့တွင်းကကျောင်းသားဖြစ်တော့ ကျောင်းအပ်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ကျနော်သူငယ်ချင်းတွေကတော့ ပူတာအိုတို့ ဖားကန့်တို့လို နယ်မြေတွေက ဆိုတော့ ဒီကို အချိန်မှီ လာရောက်ဖို့ ခက်ခဲကြတယ်၊ အခုလာနိုင်တော့လည်း ကျောင်းလက်ခံတဲ့ရက်က ကျော်နေပြီ ဖြစ်တယ်၊ အခုမှရောက်ပြီး ကျောင်းသွားအပ်တဲ့သူတွေ အနေနဲ့ ကျောင်းအပ်လို့ မရတော့ဘူးလိုလဲ ပြော‌နေကြတယ်။” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ကျောင်းသားကျောင်းသူများ စာသင်နှစ် နောက်မကျစေရေးအတွက် ကျောင်းအပ်နှံမှုများ ထပ်တိုး ဆောင်ရွက်ပေးရန် လိုလားကြောင်း အဝေးသင် ပညာ တက်ရောက်လိုသူ ကျောင်းသူတစ်ဦးက ပြောပြသည်။

“ကျောင်းအပ်ချိန်လွန်သွားလို့ တစ်နှစ် နောက်ကျသွားတာမျိုး မဖြစ်ချင်ဘူး၊ ဒါကြောင့် သက်ဆိုင်ရာအနေနဲ့လည်း အတတ်နိုင်ဆုံးအဆင်ပြေအောင် ဆောင်ရွက်ပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။

မြစ်ကြီးနားတက္ကသိုလ်တွင် အဝေးသင်ပညာ ကျောင်းအပ်နှံမှုများကို အဆင့်မြင့် ပညာဦးစီးဌာ၏ ညွှန်ကြားချက်အတိုင်း ဇန်နဝါရီလမှ ဇွန်လအထိ (၆) လကြာ လက်ခံပေးခဲ့ကြောင်း လက်ရှိတွင် အဝေးသင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ တစ်သောင်းကျော် ရှိနေကြောင်း မြစ်ကြီးနား တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ကျနော်တို့ အနေနဲ့က အ.ဆ.ည ကညွှန်ကြားတဲ့ အတိုင်း (၆)လပိုင်း (၃၀) ရက်နေ့ အထိ ကျောင်းသားကျောင်းသူတွေကို ကျောင်းအပ်လက်ခံခဲ့တယ်၊ အဲ့ဒီမှာဆိုလဲ ကျောင်းသား ကျောင်းသူ တစ်သောင်းကျော် လာရောက် အပ်နှံကြတယ်၊ နောက်ထပ်လဲ ရက်တွေ တိုးမြှင့် သတ်မှတ်ပြီး လက်ခံပေးခဲ့ပါတယ်၊ နောက်ထပ် ဆက်ပြီး လက်ခံပေးဖို့ ဆိုတာကတော့ အ.ဆ.ည ကညွှန်ကြားလာမှပဲ ကျနော်တို့လဲ ‌ဆောင်ရွက် ပေးလို့ရမယ်။” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြစ်ကြီးနား တက္ကသိုလ်အဝေးသင် ကျောင်းအပ်ချိန်ကျော်လွန်ကာ အပ်နှံခွင့် မရရှိသည့် ကျောင်းသား ကျောင်းသူ ဦးရေ ၃၀၀ ကျော် ရှိနေကြောင်း အဝေးသင် ကျောင်းသား ကျောင်းသူများ၏ ပြောပြချက်အရ သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။