Trending Now

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ မကြာမီ ဆက်တိုက်ဝင်ရောက်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား

Spread the love

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ မကြာမီ ဆက်တိုက်ဝင်ရောက်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား

EPN
နေပြည်တော်၊ သြဂုတ် ၁၇

မြန်မာနိုင်ငံအတွင်း စက်သုံးဆီလိုအပ်ချက်နှင့် ပတ်သက်၍ ယခုလကုန်အထိ လုံလောက်စွာ ရှိထားပြီဖြစ်သလို ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ မကြာမီ ဆက်တိုက်ဝင်ရောက်လာမှာဖြစ်သည့်အတွက် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ရန်မလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

သြဂုတ် ၁၆ ရက်က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နစကဥက္ကဌက စက်သုံးဆီနှင့်ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းနှင့် ပတ်သက်၍ ကုန်သည်များ ဈေးကစားနေခြင်းသာဖြစ်ကြောင်း၊ သတ်မှတ်ချက်အတိုင်း ရောင်းချပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ထိုသို့ ပြောဆိုထားသော်လည်း မြေပြင်တွင် စက်သုံးဆီ ဝယ်ယူခြင်းနှင့်ပတ်သက်၍ ယခင်အတိုင်းအခက်အခဲ ရှိနေဆဲဖြစ်သလို စက်သုံးဆီဆိုင်များမှာလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ယနေ့ အတွက် သတ်မှတ်ထားသည့် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၄၇၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၅၄၅ ကျပ် ဖြစ်ကြောင်း ဖော်ပြထားသော်လည်း မြေပြင်တွင် စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရသလို လမ်းဘေးဆိုင်အချို့တွင် ၉၂ တစ်လီတာလျှင် ၄၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။