Trending Now

ရှင်ဗွေယန်မြို့တွင် အမျိုးသားနှစ်ဦး အချင်းချင်းစကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

Spread the love

ရှင်ဗွေယန်မြို့တွင် အမျိုးသားနှစ်ဦး အချင်းချင်းစကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

EPN

မြစ်ကြီးနား၊နိုဝင်ဘာ ၈

ကချင်ပြည်နယ်၊တနိုင်းခရိုင် ရှင်ဗွေယန်မြို့တွင် ယမန်နေ့ ည ၁၂ နာရီခန့်က အမျိုးသားနှစ်ဦး အရက်အတူတူထိုင်သောက်ပြီးနောက် ပံသကူကောက်ရန်သွားစဉ် စကားများရန်ဖြစ်ပြီး နောက် ဓါးဖြင့် အခုတ်ခံပြီး တစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ရှင်ဗွေယန်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖြိုးကျော်စံ နှင့် ရဲကိုတို့နှစ်ဦးမှာ တန်ဆောင်တိုင်လပြည့်ညဖြစ်သည့်အတွက် အရက်အတူထိုင်သောက်ခဲ့ကြပြီး ည ၁၂ နာရီခွဲခန့်တွင် ပံ့သကူသွားတောင်းကြမည်ဟု နှစ်ယောက်သားအပြင်ထွက်သွားရာမှ လမ်းတွင်အချင်းချင်းအငြင်းအခုန်စကားများရန်ဖြစ်ကြကာ ရဲကို ဆိုသူမှ ဖြိုးကျော်စံအား ကိုင်းခုတ်ဓားဖြင့် ခုတ်ခဲ့ရာ ဖြိုးကျော်စံမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး တနိုင်းဆေးရုံသို့သက်ဆိုင်ရာတာဝန်ရှိသူများမှ ပို့ဆောင်ခဲ့ရာ ယနေ့နံနက် ၄ နာရီခန့်တွင် တနိုင်းဆေးရုံသို့ရောက်ချိန်အတွင်းမှာပင် သေဆုံးခဲ့ကြောင်း ရှင်ဗွေယန်မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“သူတို့နှစ်ယောက်က ညကတည်းက အတူတူသောက်ကြတာ၊ သောက်ပြီးတော့အသိတွေဆီမှာ ပံ့သကူသွားတောင်းကြမယ်ဆိုပြီးထွက်သွားကြတာ၊အဲ့လိုသွားရင်းလမ်းမှာပဲအချင်းချင်းစကားများကြတာ လို့ပြောတယ်၊ အဲ့လိုရန်ဖြစ်ကြပြီး ဖြိုးကျော်စံက အောက်မှာလှဲကျသွားတဲ့အချိန် ရဲကို က ကိုင်းခုတ်ဓားရှည်နှင့်ခေါင်းကိုခုတ်လိုက်တာ၊ အဲ့ဒဏ်ရာရတော့ဘေးကလူတွေမြင်ပြီး ရှင်ဗွေယန်ပြည်သူ့ဆေးရုံကြီးမှာပို့ကြတာ၊အဲ့ဆေးရုံကနေ တနိုင်းဆေးရုံကိုပြန်ပို့ရင်း တနိုင်းပြည်သူ့ဆေးရုံကြီးအရောက်မှာပဲသူကသေသွားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ အမျိုးသားနှစ်ဦးမှာ ရပ်ကွက်(၃)တွင်နေထိုင်သူဖြစ်ကြပြီး သေဆုံးသူ ဖြိုးကျော်စံ(ခေါ)ငကြက်မှာ အသက်(၃၃)နှစ်ရှိပြီး တရားခံဖြစ်သူ ကိုရဲ(ခေါ)ရွှေဘို အသက် (၃၆)နှစ်အား ရှင်ဗွေယန်မြို့မရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။