Trending Now

မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းရှိ အဝေးပြေးယာဉ်လိုင်းများ အားလုံး စတင်ပြေးဆွဲနေပြီ

Spread the love

မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းရှိ အဝေးပြေးယာဉ်လိုင်းများ အားလုံး စတင်ပြေးဆွဲနေပြီ

EPN
မြစ်ကြီးနား၊ ဇွန် ၆

မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းအတွင်းရှိ အဝေးပြေးယာဉ်လိုင်း အားလုံး ဇွန်လ၂ရက်နေ့မှ စတင်ကာ ပြေးဆွဲနေပြီ ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ် လုပ်ငန်း ယာဉ်များ ကြီးကြပ်မှုကော်မတီမှ သိရသည်။

မြစ်ကြီးနားမြို့ မြစ်ဖျားဧရာကားဝင်းအတွင်းရှိ ကားဂိတ်အများစုသည် မန္တလေးအခြေစိုက် ကားဂိတ်များ ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လတစ်ရက်နေ့က မန္တလေးဂိတ်များ စတင်ဖွင့်လှစ်သည့်အတွက် အားလုံးနီးပါး ပြန်ပြေးဆွဲခြင်း ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်းယာဉ်များ ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်ဦးက ဆိုသည်။

“အစောပိုင်းကတော့ ရန်ကုန်ကားတွေပဲ သွားတာလေ၊ ပြီးခဲ့တဲ့ ဇွန်တစ်ရက်နေ့က မန္တလေးက စဖွင့်ပြီ ဆိုတော့ ဒီကလဲ စပြီး ပြေးဆွဲကြတာပေါ့၊ ဒီမှာရှိတဲ့ ယာဉ်လိုင်း အများစုက မန္တလေးအခြေစိုက် များတယ်လေ၊ ဒီမှာကတော့ ဇွန် ၃ရက်နေ့က စပြီး ပြေးဆွဲနေပါပြီ၊ တစ်ချို့ကတော့ ဇွန် ၂ ရက်နေ့တည်းက ကုန်နဲ့ ခရီးသည်တင် ပြေးဆွဲနေပါတယ် ” ဟု ၎င်းက ပြောသည်။

ယင်းသို့ ပြန်လည်ပြေးဆွဲနေသည့် ယာဉ်လိုင်းများနှင့် အသင်းများအား ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ချက်များ အတိုင်းလိုက်နာရန် ယာဉ်များ ကြီးကြပ်မှုကော်မတီအနေဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေကာ ညွှန်ကြားထားကြောင်း သိရသည်။

“ခရီးသည်ကတော့ အရင်တုန်းက လိုတော့ သိပ်မရှိဘူး အခုက နည်းသေးတယ် ကျဲကျဲပဲပေ့ါ၊ ပြည်နယ် အစိုးရကနေ အစောပိုင်းသတ်မှတ်ထားတဲ့ ယာဉ်အပြည့် ခရီးသည်မတင်ရဘူးဆိုတော့ ကားဂိတ်တွေက Express ကားတစ်စီးကို အယောက်လေးဆယ်ဆံ့ရင် အခုနှစ်ဆယ်လောက်ပဲ တင်တယ်၊ ဆိုတော့ အဲ့ဒီနှုန်းလောက်နဲ့ပဲတင်နေကြရတယ် ဒီကာလမှာ ခရီးသည်ကလည်း မရှိတော့ အဓိကတေ့ာ ကုန်နဲ့ ခရီးသည်ပါးပါးနဲ့ပဲ သွားနေပါတယ်” ဟု အတွင်းရေးမှူး ဦးမျိုးမြင့်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း ပြေးဆွဲနေသော ကားသမား ကိုအောင်ကိုသန့်ကတော့ “ကျွန်တော်က တနိုင်းနဲ့ ရှင်ဗွေယန်ကို အဓိပြေးဆွဲပါတယ် အရင်လတွေတုန်းက ခရီးသည်နည်းပါးပေမယ့် ဒီလပိုင်းမှာ နည်းနည်း များလာတယ်ဗျ၊ ဒီကိုဗစ် မတိုင်မီ ကာလတုန်းကလိုတော့ ပုံမှန် မဟုတ်သေးပေမယ့် ကုမ္ပဏီ နဲ့ အစိုးရ ဝန်ထမ်းတွေလည်း အလုပ်တွေလည်း ပြန်ဖွင့်ပြီဆိုတော့ ကျွန်တော်တို့လည်း နည်းနည်း အဆင်ပြေ လာတာပေါ့ဗျာ” ဟု ဆိုသည်။

အဆိုပါ မြစ်ဖျားဧရာ ကားဝင်းအတွင်း အဝေးပြေးယာဉ်လိုင်း (Express)ကား ၁၁ သင်း နှင့် ယာဉ်အသေး (Mini Express) ကား၂၀ သင်း ကျော်ရှိကြောင်း သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။