Trending Now

ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် (မန္တလေး)တို့တွင် နွေရာသီ လူငယ်ဘောလုံးသင်တန်းအား တစ်လကြာအခမဲ့ သင်ကြားပေးသွားမည်

Spread the love

ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် (မန္တလေး)တို့တွင် နွေရာသီ လူငယ်ဘောလုံးသင်တန်းအား တစ်လကြာအခမဲ့ သင်ကြားပေးသွားမည်

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ (၂၀၂၄)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှကြီးမှူး၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ MFF ဘောလုံးအကယ်ဒမီများ၌ နွေရာသီ လူငယ်ဘောလုံးသင်တန်းအား သင်တန်းကြေးအခမဲ့ဖြင့် တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီ လူငယ်ဘောလုံးသင်တန်းအား မတ်လ ၃ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နံနက် ၇ နာရီခွဲမှ ၉ နာရီအထိ အခြေခံဘောလုံးပညာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသား တစ်ဦးချင်းစီအား ဝတ်စုံနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကာ အသက် (၁၀)နှစ်မှ (၁၅)နှစ်အတွင်းရှိ အမျိုးသား၊ အမျိုးသမီးများ တက်ရောက်နိုင်ကြောင်း သိရသည်။

ဘောလုံးအကယ်ဒမီ (ရန်ကုန်)တွင် အမျိုးသား (၂၀၀)ဦးနှင့် အမျိုးသမီး (၅၀)ဦး၊ ဘောလုံးအကယ်ဒမီ (မန္တလေး)တွင် အမျိုးသား(၂၀၀)ဦးနှင့် အမျိုးသမီး (၅၀)ဦးတို့ကို လက်ခံသင်ကြားပေးသွားမည်ဖြစ်၍ တက်ရောက်လိုသူများအနေဖြင့် သင်တန်းတက်ခွင့်လျှောက်လွှာများအား သက် ဆိုင်ရာမြို့အလိုက် ဘောလုံးအကယ်ဒမီများသို့ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား၍ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ပြီး၊ အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း ၀၉- ၂၆၃၀၃၁၆၈၉ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

အဆိုပါ အခမဲ့ နွေရာသီ လူငယ်ဘောလုံးသင်တန်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ထွက်ပေါ်ရေးအတွက် မိတ်ဖက်ဖြစ်သည့် Berroca ၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်သင်ကြားရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။