Trending Now

ဘင်္ဂလားဒေ့ရှ် အဓိကအတိုက်အခံပါတီက ဝန်ကြီးချုပ်ကိုရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆို

Spread the love

ဘင်္ဂလားဒေ့ရှ် အဓိကအတိုက်အခံပါတီက ဝန်ကြီးချုပ်ကိုရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆို

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၃

ဇန်နဝါရီလမှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးက နှုတ်ထွက်မပေးပါက ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ အဓိက အတိုက်အခံပါတီ ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)ရဲ့ တစ်နိုင်ငံလုံး သပိတ်မှောက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

BNP က အခြားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ကာ အာဏာရယူထားတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို နှုတ်ထွက်ပေးဖို့ တောင်းဆိုနေပြီး သူမရဲ့ ဦးဆောင်မှုအောက်က ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဝန်ကြီးချုပ်က လက်ရှိအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတဲ့အတိုင်း လာမယ့်နှစ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မယ်လို့ ဆိုပါတယ်။

ဒါကို လက်မခံနိုင်တဲ့ အတိုက်အခံတွေက သူမကိုနှုတ်ထွက်ပေးဖို့နဲ့ ပါတီစွဲမရှိတဲ့ ယာယီအိမ်စောင့်အစိုးရတစ်ရပ်ကို အာဏာလွဲပြောင်းပေးပြီး အထွေထွေရေးကောက်ပွဲကို ဦးဆောင်ကြီးကြပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

BNP ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအတွင်း ဘစ်ကား တစ်ဒါဇင်နီးပါး မီးရှို့ခံခဲ့ရပြီး ရဲတပ်ဖွဲ့က ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။

ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။