Trending Now

အင်းတော်ကြီးဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် လယ်ယာမြေများ ပျက်စီး

Spread the love

အင်းတော်ကြီးဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် လယ်ယာမြေများ ပျက်စီး

EPN
အင်းတော်ကြီး ဇူလိူင်၂၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့နှင့် မိုင်းနောင်ကျေးရွာတို့တွင် ဇူလိူင်လ ၂၇ ရက်နေ့၊ ည၂နာရီ အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် စိုက်ပျိုးလယ်ယာမြေများ နစ်မြုပ်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

” ညက မိုးအရမ်းရွာတာ။ မနက်အိပ်ယာကနိုးပြီး အိမ်အောက်ကို ဆင်းကြည့်လိုက်တော့ အိပ်အောက်မှာထားတဲ့ အိုးခွက်ပန်းကန်၊ ဆိုင်ကယ်၊ စပါးကျည်တွေနဲ့ အခြားပစ္စည်းတွေ ရေမျောသွားခဲ့ပြီ။ ဆင်းပြီး ဆယ်ရအောင်ကလဲ ရေက လူတရပ်လောက်ရှိတယ်။ ရေစီးကလဲသန်တော့ ဆင်းလို့မရဘူး။ ဒီမနက်ရေကျသွားမှပဲ လိုက်ဆယ်ယူရတယ်။ အခုလောလောဆယ်ကတော့ ရေသန့်နဲ့ ထမင်းချက်စားဖို့ အဆင်မပြေတော့ဘူး ” ဟု အသက် ၃၅ နှစ်အရွယ်ခန့်ရှိသော ရွာသူတစ်ဦးက ပြောသည်။

“အခုညက မိုးရွာလို့ လယ်ထဲသွားကြည့်တာ။ စိုက်ထားတာ ရက်ပိုင်းပဲ ရှိသေးတယ်။ တောင်ကျချောင်းက ရေတွေကြီးတော့ တာဘောင်၊ ကန်သင်းတွေကျိုးပေါက်ပြီး၊ လယ်ထဲက စိုက်ပျိုးထားတဲ့ စပါးတွေ အကုန်လုံးနီးပါး ပျက်စီးသွားကုန်တာ။ ဘယ်လိုမှ ပြန်ပြုပြင်လို့မရတော့ဘူး။ ဒိုက်တွေ၊ အမှိုက်တွေ၊ သဲနုန်းတွေနဲ့ လယ်ထဲမှာ စပါးပင်တောင် မရှိတော့ဘူး ” ဟု လယ်သမားတစ်ဦးက ထပ်မံပြောသည်။

ထို့အပြင် အသက်၄၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကလည်း “မနက်အစောပိုင်းက နန့်မွန်းကနေ မိုင်းနောင်ဘက်ကို ဆိုင်ကယ်နဲ့ စျေးရောင်းလာတဲ့ စျေးသည်တစ်ဦး ကျွန်တော်အရှေ့ကနေ ကားလမ်းမကို ရေကျော်နေတာကို ဖြတ်မောင်းတာ။ လူရော၊ ဆိုင်ကယ်ရော ရေထဲမျောပါသွားတာ။ လယ်တဲမှာရှိတဲ့ အမျိုးသားတစ်ဦးက ကယ်ဆယ်ပေးလိုက်တယ်။ လူလဲဒဏ်ရာရလို့လမ်းမလျှောက်နိုင်ဘူး။ သုံးဘီးဆိုင်ကယ်နဲ့ တင်ခေါ်သွားလိုက်ရတယ်။ ရေကအရမ်းကြီးတော့ သွားလို့လာလို့အဆင်မပြေဘူး။ အခုတော့ ရေကျသွားပါပြီး ” ဟု ပြောသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန့်မွန်းမြို့နှင့် မိုင်းနောင်ကျေးရွာကြားလယ်ယာမြေ အများအပြား ပျက်စီးဆုံးရှုံးကာ မိုင်းနောင်ကျေးရွာ အထက်တန်းကျောင်းရှိ ကျောင်းရှေ့ ဆိုင်ဘုတ်နှင့် အုတ်တံတိုင်းနံရံ ပြိုကျပျက်စီးခဲ့ပြီး၊ မိုင်းနောင်ကျေးရွာ လူနေအိမ်ခြေ ၈၀ ကျော်ခန့် ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

၎င်းအပြင် နန့်မွန်းမြို့ ချောင်းနဘေး မြေအနိမ့်ပိုင်း အိမ်ခြေများရေလွှမ်းမှု ဖြစ်ပွားခဲ့ပြီး၊ အင်းတော်ကြီး – ဟိုပင်သွား တောင်ပေါ်ကားလမ်းမကြီးတွင် တောင်ပြိုကျ၍ ကားလမ်းခေတ္တ ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

နေကြာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။