Trending Now

အာဖဂန်နစ္စတန်လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆို

Spread the love

အာဖဂန်နစ္စတန်လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆို

EPN
နိုင်ငံတကာ၊ မေ ၁၉

အာဖဂန်နစ္စတန်မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကိုယ်စားလှယ်တစ်ဦးက ကမ္ဘာမှာ စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်နေတဲ့အကြား နိုင်ငံ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

WFP ရဲ့ အာဖဂန်နစ္စတန်ကိုယ်စားလှယ် ညွှန်ကြားရေးမှူး Hsiao-Wei Lee က နိုင်ငံတွင်းက လူ ၁၅ သန်းကျော်ဟာ နောက်တစ်နပ်စာအတွက် အစားအစာ ဘယ်ကရမလဲဆိုတာ မသိဘူးဖြစ်နေကြတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ အစ္စလာမစ်အုပ်စု တာလီဘန် တစ်ကျော့ပြန် အာဏာရလာပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ရဲ့ စီးပွားရေး ယိုယွင်းလာခဲ့သလို မိုးခေါင်ရေရှားမှု ကြာရှည်တာဟာ ကောက်ပဲသီးနှံအထွက်နှုန်း ထိခိုက်ကျဆင်းစေခဲ့ပြီး ရိက္ခာမလုံလောက်မှု ဆိုးဆိုးရွားရွားဖြစ်လာစေခဲ့ပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုနဲ့ တခြားအကြောင်းအချက်တွေကြောင့် စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တယ်လို့ မီးစ် Lee က ပြောပါတယ်။ WFP လည်း ရန်ပုံငွေ မလုံလောက်မှု အကြီးအကျယ်ဖြစ်နေတာကို ရင်ဆိုင်နေရပြီး ရိက္ခာမျှဝေမှုတွေ ဖြတ်တောက်နေရတယ်လို့ သူက ပြောပါတယ်။

အာဖဂန်နစ္စတန်အတွက် ရက်ရက်ရောရော ထောက်ပံ့ပေးတဲ့ ဂျပန်နဲ့ နိုင်ငံတကာအသိုက်အဝန်းကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်ပြီးပံ့ပိုးပေးပါလို့ Lee က မေတ္တာရပ်ခံလိုက်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အာဖဂန်နစ္စတန်ပြည်သူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေပြည့်မီရေးနဲ့ မိမိတို့ခြေထောက်ပေါ် ရပ်တည်နိုင်ရေး ကူညီပါလို့လည်း သူက ပြောခဲ့ပါတယ်။

source : NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။